၀န်ကြီးဌာနသတင်းများ

ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (Regional Comprehensive Economic Partnership-RCEP) ၏ (၈)ကြိမ်မြောက် ဝန်ကြီးများအဆင့် ကြားဖြတ်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို ၂၀၁၉ ခုနှစ် သြဂုတ်လ ၂ ရက်နေ့မှ ၃ ရက်နေ့ အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့တွင် ကျင်းပခဲ့ရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရန်ကုန်မြို့သို့ ယနေ့ပြန်လည်ရောက်ရှိခဲ့ပါသည်။

အဆိုပါအစည်းအဝေးသို့ အာဆီယံ(၁၀)နိုင်ငံနှင့် ဆွေးနွေးဖက်နိုင်ငံများဖြစ်သည့် တရုတ်၊ ဂျပန်၊ ကိုရီးယား၊ အိန္ဒိယ၊ သြစတြေးလျနှင့် နယူးဇီလန်နိုင်ငံတို့မှ စီးပွားရေးဝန်ကြီးများ တက်ရောက်ခဲ့ ကြပြီး သဘောတူစာချုပ်၏ ဈေးကွက်ဖွင့်လှစ်ရေး ဆွေးနွေးညှိနှိုင်းမှု (Market Access Negotiation) အား ၁၀၀ ရာခိုင်နှုန်းနှင့် စာချုပ်၏ အဓိကအရေးပါသည့် အခန်းများ၏ စာသား ညှိနှိုင်းမှု(Text–based Negotiation)ကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလအတွင်းပြီးပြတ်အောင် ဆောင်ရွက်ရန် သဘောတူခဲ့ကြသည်။

အဆိုပါ အစည်းအဝေးကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ် မစ္စတာဟူချွန်ဟွာက တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး သဘာပတိအဖြစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူလျက်ရှိသည့် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ဝန်ကြီး H.E. Jurin Laksanawisit က ဆောင်ရွက်ခဲ့သည်။

RCEP သည် ကမ္ဘာ့လူဦးရေ၏ ၄၇ ရာခိုင်နှုန်းကို လွှမ်းခြုံထားပြီး ကမ္ဘာ့အသားတင် ထုတ်လုပ်မှု တန်ဖိုး၏ ၄၂ ရာခိုင်နှုန်းရှိသည့်အတွက် ကမ္ဘာ့အကြီးမားဆုံး လွတ်လပ်သည့် ကုန်သွယ်ရေး သဘောတူစာချုပ် ဖြစ်လာမည်ဖြစ်ရာ အဆိုပါစာချုပ်ဆွေးနွေးညှိနှိုင်းမှုများ၏ တိုးတက်မှု အခြေအနေကို ကမ္ဘာ့နိုင်ငံအသီးသီးက စိတ်ဝင်တစား စောင့်ကြည့်လေ့လာလျက်ရှိကြသည်။

၂၀၁၂ ခုနှစ်က ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပခဲ့သည့် အာဆီယံထိပ်သီးအစည်းအဝေးတွင် နိုင်ငံ့ ခေါင်းဆောင်များက RCEP ဆွေးနွေးညှိနှိုင်းမှုဆိုင်ရာ မူဝါဒ လမ်းညွှန်ချက်များကို ချမှတ်ခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် ဆွေးနွေးညှိနှိုင်းမှုကို စတင်ခဲ့ရာ ယနေ့အထိ ထိပ်သီးအစည်းအဝေး (၂)ကြိမ်၊ RCEP ဝန်ကြီးများအစည်းအဝေး ခြောက်ကြိမ်၊ RCEP ဝန်ကြီးများ ကြားဖြတ်အစည်းအဝေး (၈)ကြိမ်နှင့် ကုန်သွယ်ရေးညှိနှိုင်းမှုကော်မတီနှင့် ဆက်စပ်လုပ်ငန်းအဖွဲ့များ အစည်းအဝေး (၂၇)ကြိမ် ကျင်းပခဲ့ပြီးဖြစ်ပါသည်။

RCEP ကို လက်ရှိ အာဆီယံက ပါဝင်ဆောင်ရွက်လျက်ရှိသည့် လွတ်လပ်သော ကုန်သွယ်မှု သဘောတူ စာချုပ်များထက် ပိုမိုခေတ်မီပြီးပြည့်စုံ၍ အရည်အသွေးမြင့်မားကာ အပြန်အလှန် အကျိုးရှိစေမည့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု စာချုပ်တစ်ခုဖြစ်ရန် ရည်ရွယ်ထားပါသည်။

မြန်မာနိုင်ငံက RCEP တွင် ပါဝင်ခြင်းဖြင့် ကမ္ဘာ့လူဦးရေ၏ ထက်ဝက်ခန့်ရှိသော ဈေးကွက်သို့ မြန်မာ့ပို့ကုန်များကို အကောက်ခွန်ကင်းလွတ်သက်သာခွင့်ဖြင့် တိုးမြှင့်တင်ပို့နိုင်မည့် အခွင့်အလမ်းများ ရရှိနိုင်မည့်အပြင် အဆိုပါ စာချုပ်တွင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခန်းကဏ္ဍ လည်းပါဝင်သဖြင့် မြန်မာနိုင်ငံအတွင်းသို့ စာချုပ်ဝင်နိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုများလည်း ပိုမိုတိုးတက်ဝင်ရောက်နိုင်မည်ဖြစ်ပါသည်။