၀န်ကြီးဌာနသတင်းများ


နေပြည်တော်၊ မေ ၂၉

AustCham Myanmar က ဉီးဆောင်ကျင်းပသည့် နိုင်ငံခြား ကုန်သည်ကြီးများ အသင်းနှင့် ရင်းနှီးမြှုပ်နှံမှုကိစ္စရပ်များဆိုင်ရာ Webinar ကို ၂၀၂၀ ပြည့်နှစ် မေလ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဉီးသောင်းထွန်းသည် ဒုတိယဝန်ကြီးများ ဖြစ်သည့် ဉီးဆက်အောင်၊ ဉီးဗရတ်ဆင်းတို့နှင့်အတူ ရုံးအမှတ် (၁) နေပြည်တော်မှ Video Conference စနစ်ဖြင့် ပါဝင် တက်ရောက်ဆွေးနွေးသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဉီးသောင်းထွန်းက မိမိတို့အနေဖြင့် လက်ရှိ ကြုံတွေ့နေရသည့် အခက်အခဲများကို အတူတကွ လက်တွဲညီညီ ပူးပေါင်း ဆောင်ရွက်ရေး အတွက် ယခုကဲ့သို့သော ဆွေးနွေးမှုများကို ပွွင့်လင်းမြင်သာစွာ ဆောင်ရွက်ရန် လိုအပ် ကြောင်း၊ စက်ရုံအလုပ်ရုံများနှင့် အိမ်ထောင်စုများ ကြုံတွေ့ရလျက် ရှိသည့် ဘဏ္ဍာရေး ဆိုင်ရာ အခက်အခဲများကို လျော့ပါးစေရေးအတွက် COVID- 19 Fund နှင့် ဥရောပသမဂ္ဂ၏ ငွေကြေးပံ့ပိုးမှုဖြင့် ဆောင်ရွက်လျက်ရှိသည့် “မြန်ကူ” အစီအစဉ် ကဲ့သို့သော အစီအစဉ်များ တစ်ဆင့် ငွေကြေးထောက်ပံ့မှုများကို ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်း ပြောကြားသည်။


ဆက်လက်၍ ဒုတိယဝန်ကြီး ဉီးဆက်အောင်က စီးပွားရေးထိခိုက်မှု သက်သာရေး စီမံချက်(CERP) နှင့် စပ်လျဉ်း၍ ဆောင်ရွက်မည့် အစီအမံများကို အသေးစိတ် ရှင်းလင်း ဆွေးနွေးခဲ့ပြီး၊ ဒုတိယဝန်ကြီး ဉီးဗရတ်ဆင်းက COVID- 19 ကပ်ရောဂါ ဖြစ်ပွားနေဆဲ ဖြစ်သော်လည်း လက်ရှိဘဏ္ဍာနှစ်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီးဝင်မှုမှာ အမေရိကန် ဒေါ်လာ ၄.၁ ဘီလီယံကျော် စီးဝင်ပြီးဖြစ်၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု မျှော်မှန်းချက်ဖြစ်သည့် အမေရိကန်ဒေါ်လာ ၅.၈ ဘီလီယံကို ပြည့်မီနိုင်မည်ဟု မျှော်မှန်းကြောင်း ဆွေးနွေး ပြောကြားသည်။


AustCham Myanmar ၏ Chairperson ဖြစ်သူ Mr. Chris Hughes က နိုင်ငံတော် အစိုးရအနေဖြင့် စီးပွားရေးပြန်လည်ဉီးမော့လာစေရေး ဆောင်ရွက်မှုများကို တိုက်ရိုက် သိရှိခွင့်ရရှိသည့်အတွက် ဝမ်းမြောက်ပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လွယ်ကူ ချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့် ပြုပြင်ပြောင်းလဲမှုများနှင့် လုပ်ငန်းစဉ် များကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည့်အတွက် မိမိတို့အနေဖြင့် ကြိိုဆို ပါကြောင်း၊ ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ အကောင်အထည်ဖော် ရေးအတွက် မိမိတို့ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် နိုင်ငံတော်အစိုးရနှင့်ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားပါသည်။


အဆိုပါ ဆွေးနွေးပွဲသို့ နိုင်ငံခြားကုန်သည်ကြီးများအသင်း ၁၅ ခုတို့မှ ကိုယ်စားလှယ် ပေါင်း ၄၀၀ ကျော် ပါဝင်တက်ရောက်ပါသည်။