၀န်ကြီးဌာနသတင်းများ

ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဦးသောင်းထွန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ သည် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့မှ ၁၉ ရက်နေ့အထိ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တွင် ပြုလုပ်ခဲ့သည့် စီးပွားရေးလုပ်ငန်းရှင် များနှင့်တွေ့ဆုံပွဲနှင့် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့မှ ၂၂ ရက်နေ့အထိ အီတလီနိုင်ငံ၊ Trieste နှင့် Milan မြို့များတွင် ကျင်းပပြုလုပ်ခဲ့သည့် စီးပွားရေး လုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲနှင့် တတိယ အကြိမ် Belt and Road Summit သို့ တက်ရောက်ခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးသည် ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ Mouvement des Entreprises de France (MEDEF) ၌ ကျင်းပပြုလုပ်ခဲ့သည့် ပြင်သစ်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ ပါသည်။ အဆိုပါဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံသည် တာဝန်ယူမှုရှိ သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို ဖိတ်ခေါ်လျက်ရှိရာ ပြင်သစ်ကုမ္ပဏီများ မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီး မြှုပ်နှံကြရန် ဖိတ်ခေါ်လိုကြောင်း၊  မြန်မာနိုင်ငံနှင့် ပြင်သစ် နိုင်ငံတို့အကြား လျှပ်စစ်၊ စွမ်းအင်၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ၊ ရေ အရင်းအမြစ်နှင့် ပတ်ဝန်းကျင် သစ်တောစီမံခန့်ခွဲရေးကဏ္ဍတို့တွင် ပူးပေါင်း ဆောင်ရွက်လို ကြောင်းနှင့်  မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများနှင့် ရင်းနှီးမြှုပ်နှံမှု ဦးစားပေးကဏ္ဍများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့သည်။

ပြင်သစ်နိုင်ငံသို့ရောက်ရှိနေစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးသည် ပြင်သစ်နိုင်ငံ ဝန်ကြီးချုပ်ဟောင်း Prospective and Innovation Foundation ဥက္ကဋ္ဌဖြစ်သူ H.E Mr. Jean Pierre Raffarin ၊ နိုင်ငံခြားရေး ဝန်ကြီး H.E. Mr. Jean Yves Le Drian ၊ ဝန်ကြီးချုပ်၏ သံတမန်ရေးရာ အကြံပေးဖြစ်သူ Mr. Bertrand Lortholary တွေ့ဆုံခဲ့ သည်။ ၎င်းအပြင် ဝန်ကြီးသည် Business France မှ ညွှန်ကြားရေးမှူးချုပ်၊ French Development Agency (AFD) မှ ဒါရိုက်တာ၊ Total ရေနံကုမ္ပဏီ၏ Exploration-Production Division ဌာန အထွေထွေမန်နေဂျာနှင့်  Électricité de France (EDF) ဒုတိယ ဥက္ကဋ္ဌတို့နှင့် သီးခြားစီ တွေ့ဆုံခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး၊ နှစ်နိုင်ငံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များ ကိုဆွေးနွေးခဲ့ကြပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းသည် ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့တွင် အီတလီနိုင်ငံ၊ Trieste မြို့တွင် ကျင်းပပြုလုပ်ခဲ့ သည် တတိယအကြိမ် Belt and Road Summit သို့တက်ရောက်ခဲ့ပါသည်။ ဆွေးနွေးပွဲကို အီတလီနိုင်ငံ European House-Ambrosetti ၊ China Development Institute တို့မှ ပူးပေါင်း ကြီးမှူးပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ အာရှ၊ ဉရောပနှင့် အာဖရိကနိုင်ငံ ၉ နိုင်ငံတို့မှ အစိုးရကိုယ်စားလှယ်များ၊ စီးပွားရေးလုပ်ငန်းရှင် ကိုယ်စားလှယ်ပေါင်း ၁၈၀ ကျော် တက်ရောက်ခဲ့ပါသည်။

စကားဝိုင်းဆွေးနွေးပွဲ၌ ပြည်ထောင်စုဝန်ကြီးက “Bringing the belt and road to the next phase: moving factories not goods” အစီအစဉ်တွင် Keynote Speaker အနေဖြင့် ပါဝင်ခဲ့ပြီး Belt and Road အစီအစဉ်တွင် ပါဝင်သည့် နိုင်ငံ အားလုံးအတွက် အခွင့်အလမ်းများ၊ ဖြစ်ပေါ်လာမည့် ရှေ့အလားအလာများ၊ ဒေသတွင်း စီးပွားရေး ပူးပေါင်းမြှင့်တင်နိုင်မည့် အခြေအနေများနှင့် တရုတ်၊ မြန်မာနှင့် အီတလီနိုင်ငံတို့အကြား စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်နိုင်မည့် အခြေအနေများနှင့်စပ်လျဉ်း၍ ဆွေးနွေး ခဲ့ပါသည်။

၎င်းနောက် ပြည်ထောင်စုဝန်ကြီးသည် အီတလီနိုင်ငံ Milan မြို့၌ အီတလီနိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Mr. Ivan Scalfarotto နှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ နှင့်တွေ့ဆုံခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး၊ နှစ်နိုင်ငံစီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုကိစ္စရပ် များကို ဆွေးနွေးခဲ့ကြပါသည်။

ပြင်သစ်ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးနှင့်အတူ ပြင်သစ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်ဇေယျမှလည်းကောင်း၊ အီတလီခရီးစဉ်၌ အီတလီနိုင်ငံ သံရုံးယာယီတာဝန်ခံ ဒေါ်လင်းမာလာလွင်မှ လည်းကောင်း ကိုယ်စားလှယ် အဖွဲ့ဝင်များ အဖြစ် ပါဝင်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးမြင့်အောင် လိုက်ပါခဲ့ကြောင်း သတင်းရရှိပါသည်။