၀န်ကြီးဌာနသတင်းများ





နေပြည်တော်၊ ဩဂုတ်လ ၂၆ ရက်

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦး‌သောင်းထွန်းသည် ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် video conferencing စနစ်ဖြင့် ကျင်းပသည့် ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (Regional Comprehensive Economic Partnership – RCEP) ဝန်ကြီးများ၏ အာဆီယံနိုင်ငံများ သီးသန့်အစည်းအဝေးသို့ ရုံးအမှတ် (၁) မှ ပါဝင်တက်ရောက် ဆွေးနွေးသည်။

အစည်းအဝေး၌ ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ကုန်သွယ်ရေး ညှိနှိုင်းမှုကော်မတီ ဥက္ကဋ္ဌက RCEP သဘောတူစာချုပ် ညှိနှိုင်းမှု၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို လည်းကောင်း၊ RCEP သဘောတူစာချုပ်ကို ၂၀၂၀ ပြည့်နှစ်တွင် လက်မှတ် ရေးထိုးနိုင်ရေးအတွက် ကိစ္စရပ်များကိုလည်းကောင်း ဝန်ကြီးများထံမှ လမ်းညွှန်မှုခံယူခဲ့ရာ ဝန်ကြီးများက ရှေ့ဆက်လက် ဆောင်ရွက်ရန်ကိစ္စရပ်များကို အမြင်ချင်းဖလှယ်၍ လမ်းညွှန်မှု များပေးခဲ့သည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ဒေသတွင်းဘက်စုံ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု သဘောတူစာချုပ်ကို ၂၀၂၀ ပြည့်နှစ်တွင် လက်မှတ်ရေးထိုးနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသော ကုန်သွယ်ရေးညှိနှိုင်းမှုကော်မတီနှင့် လုပ်ငန်းအဖွဲ့ဝင်များအား ဂုဏ်ပြု စကားပြောကြားပြီး ဈေးကွက်ဖွင့်လှစ်ပေးရေး နှစ်နိုင်ငံညှိနှို်ငးမှုများကို အပြီးသတ်အောင် ဆောင်ရွက်နိုင်ခဲ့သည့် မလေးရှားနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့၏ ကြိုးပမ်းအားထုတ်မှုကိုလည်း ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။

အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင် (၁၀) နိုင်ငံမှ ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာဝန်ကြီးများ၊ ကုန်သွယ်ရေးညှိနှိုင်းမှုကော်မတီ သဘာပတိနှင့် အဖွဲ့ဝင်များ၊ အာဆီယံအတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

အာဆီယံအဖွဲ့ဝင် (၁၀) နိုင်ငံနှင့် ဩစတြေးလျ၊ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ နယူးဇီလန်နိုင်ငံတို့ ပါဝင်သည့် ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဝန်ကြီးများ၏ (၈) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၂၇ ရက် နေ့တွင် ဆက်လက်ကျင်းပမည်ဖြစ်သည်။