၀န်ကြီးဌာနသတင်းများ




နေပြည်တော် ဇူလိုင်လ ၂၃ ရက်


COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီ၏ အစည်းအဝေးအမှတ်စဉ် (၇/၂၀၂၀) ကို ယနေ့နံနက်ပိုင်းတွင် ဗွီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပပါသည်။


အစည်းအဝေးသို့ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ် ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနှင့် လုပ်ငန်းကော်မတီဝင် ပြည်ထောင်စု ဝန်ကြီးများဖြစ်သော စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဉီးစိုးဝင်း၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးသိန်းဆွေ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသန်းမြင့်နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဥက္ကဋ္ဌ၊ ဦးကျော်ကျော်မောင်၊ ဒုတိယ ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။


အစည်းအဝေးတွင် လုပ်ငန်းကော်မတီ ဥက္ကဋ္ဌက မိမိတို့ ယနေ့အထိ အစည်းအဝေး ၆ ကြိမ် ကျင်းပခဲ့ပြီး ဆုံးဖြတ်ချက် (၇၈) ချက် ချမှတ်ကာ COVID-19 ကြောင့် ဖြစ်ပေါ်လျက်ရှိသည့် စီးပွားရေးဆိုင်ရာ သက်ရောက်မှုများနှင့် ပတ်သက်၍ ဆောင်ရွက်ရန်ကိစ္စရပ်များကို ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ COVID-19 Fund မှ ချေးငွေများကို စိစစ်ထုတ်ပေးလျက်ရှိရာ ခုနစ်ကြိမ် ထုတ်ပေးနိုင်ခဲ့ပြီး မြန်မာပြည်တစ်ဝန်းရှိ လုပ်ငန်းပေါင်း ၃၃၉၃ ခုသို့ ချေးငွေ ၁၀၁.၁၂၈ ဘီလီယံ ထုတ်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ဒုတိယအကြိမ် ချေးငွေများ ထုတ်ပေး ရာတွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၃ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည့် ကြေညာချက်အမှတ် (၂/၂၀၂၀) နှင့်အညီ ရန်ပုံငွေများကို ကျပ်ဘီလီယံ (၁၀၀) ကို ပထမအရစ် ကျပ် ၃၅ ဘီလီယံ၊ ဒုတိယအရစ် ကျပ် ၃၅ ဘီလီယံ၊ တတိယအရစ် ကျပ် ၃၀ ဘီလီယံ အစီအစဉ်အတိုင်း ခွဲဝေအသုံးပြုသွားမည် ဖြစ်ပါကြောင်း၊ မိမိတို့ကော်မတီ၏ ပင်မလုပ်ငန်းတာဝန်များ၊ ဒုတိယအကြိမ်ထုတ်ပေးမည့် ချေးငွေဆိုင်ရာ လုပ်ငန်းကိစ္စရပ်များနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးဆုံးဖြတ် ပေးကြရန်ဖြစ်ကြောင်း ပြောကြားပါသည်။


ဆက်လက်၍ တက်ရောက်လာကြသူများက လုပ်ငန်းကော်မတီက ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်များအပေါ် ပြန်လည်သုံးသပ်ညှိနှိုင်းကြပြီး ဒုတိယအကြိမ် COVID -19 Fund ထပ်မံ လျာထားရာတွင် ချေးငွေထုတ်ပေးမည့် လုပ်ငန်း ကဏ္ဍများ သတ်မှတ်ရေး၊ ချေးငွေရယူထားသည့် လုပ်ငန်းများက ချေးငွေအသုံးပြုမှုအပေါ် စိစစ်ကြပ်မတ် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီက ပေးပို့လာသည့် ကိစ္စရပ်များ၊ ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းများက အဆိုပြု တင်ပြလာသည့် ကိစ္စရပ်များနှင့်စပ် လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။


ဒုတိယအကြိမ် ချေးငွေထုတ်ပေးရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ရေထွက်ပစ္စည်း ထုတ်လုပ်သည့် လုပ်ငန်းများ၊ ပြည်ပပို့ကုန်ထုတ်လုပ်သည့် ကုန်ထုတ်လုပ်ငန်းများ၊ သွင်းကုန် အစားထိုးပစ္စည်း ထုတ်လုပ်သည့် ကုန်ထုတ်လုပ်ငန်းများ၊ ပြည်တွင်း ထုတ်လုပ်မှုမှ ပြည်ပတင်ပို့ သည်အထိ ထုတ်လုပ်မှုကွင်းဆက် (Supply Chain) တလျှောက် ပါဝင်ဆောင်ရွက်သည့် လုပ်ငန်းများ ၊ စားသောက်ကုန်ထုတ်လုပ်သည့် ကုန်ထုတ်လုပ်ငန်းများ၊ ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းများနှင့် အသက်မွေးဝမ်းကျောင်း ပညာသင်ကျောင်းများသို့ ထုတ်ပေးရေး ဆောင်ရွက်ပေးသွားရန်နှင့် ချေးငွေထုတ်ပေးမှုများ မြန်ဆန်သွက်လက်စေရေး အတွက် မြန်မာ့ စီးပွားရေးဘဏ်မှ ထုတ်ပေးမှုအပြင် ပုဂ္ဂလိကဘဏ်များမှ တစ်ဆင့်လည်း ထုတ်ပေးနိုင်ရေး ဆောင်ရွက်သွားရန် ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါသည်။