၀န်ကြီးဌာနသတင်းများ


နေပြည်တော် ဩဂုတ်လ ၁၉ ရက်


COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီ၏ အစည်းအဝေးအမှတ်စဉ် (/၂၀၂၀) ကို ယနေ့နံနက်ပိုင်းတွင် ဗွီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပပါသည်။


အစည်းအဝေးသို့ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနှင့် လုပ်ငန်းကော်မတီဝင် ပြည်ထောင်စု ဝန်ကြီးများဖြစ်သော စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဉီးစိုးဝင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပါသည်။


အစည်းအဝေးတွင် လုပ်ငန်းကော်မတီ ဥက္ကဋ္ဌက မိမိတို့ ယနေ့အထိ အစည်းအဝေး ၇ ကြိမ် ကျင်းပခဲ့ပြီး ဆုံးဖြတ်ချက် (၈၈) ချက် ချမှတ်ကာ COVID-19 ကြောင့် ဖြစ်ပေါ်လျက်ရှိသည့် စီးပွားရေးဆိုင်ရာ သက်ရောက်မှုများနှင့် ပတ်သက်၍ ဆောင်ရွက်ရန်ကိစ္စရပ်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ယခင်အစည်းအဝေးတွင် ချေးငွေထုတ်ချေးမည့် လုပ်ငန်းကဏ္ဍများကို သတ်မှတ်ခဲ့ပြီး လျှောက်လွှာများကို ဇူလိုင်လ ၂၉ ရက်နေ့မှ ဩဂုတ်လ ၁၀ ရက်နေ့အထိ လက်ခံခဲ့ ပါကြောင်း၊ လက်ရှိတွင် UMFCCI မှတစ်ဆင့် လျှောက်ထားလာသော လျှောက်လွှာ ၁,၅၇၀ စောင်၊ Online မှတစ်ဆင့် လျှောက်ထားလာသော လျှောက်လွှာ ၉၉၃ စောင်နှင့် တိုင်း ဒေသကြီး/ ပြည်နယ် CCI များမှ လျှောက်ထားလာသော လျှောက်လွှာ ၇,၆၄၈ စောင်၊ စုစုပေါင်း လျှောက်လွှာ ၁၀,၂၁၁ စောင် လက်ခံရရှိခဲ့ပါကြောင်း၊ ယခုအကြိမ်တွင် ပထမအကြိမ် လျှောက် ထားမှုထက် နှစ်ဆခွဲခန့် များလာပါကြောင်း၊ ယခုဒုတိယအကြိမ် ချေးငွေထုတ်ပေးရာတွင် စနစ် တကျစိစစ်၍ ချေးငွေများ မြန်ဆန်သွက်လက်စွာထုတ်ပေးနိုင်ရေးအတွက် မြန်မာ့စီးပွားရေးဘဏ် အပါအဝင် ပုဂ္ဂလိကဘဏ် () ခုမှလည်း ပူးပေါင်းဆောင်ရွက် ထုတ်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားပါသည်။


     ဆက်လက်၍ တက်ရောက်လာကြသူများက လုပ်ငန်းကော်မတီက ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်များအပေါ်  ပြန်လည် သုံးသပ်ညှိနှိုင်းကြပြီး ထိခိုက်မှုရှိနေသည့် စီးပွားရေး လုပ်ငန်း များအတွက် လုပ်ငန်းကော်မတီက စီမံဆောင်ရွက်ပေးနိုင်သည့် ကိစ္စများအား လိုအပ်သလို ဆောင်ရွက်ပေးရေး၊ ဒုတိယအကြိမ် COVID -19 Fund မှ ချေးငွေလျှောက်ထားလာသည့် လုပ်ငန်းများအပေါ် စိစစ်သည့်လုပ်ငန်းစဉ်များ မြန်ဆန်သွက်လက်ရေးနှင့် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများက အဆိုပြုတင်ပြ လာသည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။