၀န်ကြီးဌာနသတင်းများ



နေပြည်တော်၊ စက်တင်ဘာလ ၉ ရက်

COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီ၏ အစည်းအဝေးအမှတ်စဉ် (/၂၀၂၀ကို ယနေ့နံနက်ပိုင်းတွင် ကျင်းပရာ လုပ်ငန်းကော်မတီဝင်များက ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးသို့ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနှင့် လုပ်ငန်းကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးစိုးဝင်း၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပါသည်။

အစည်းအဝေးတွင် လုပ်ငန်းကော်မတီ ဥက္ကဋ္ဌက မိမိတို့ ကော်မတီအနေဖြင့်  ယနေ့အထိ အစည်းအဝေး ၈ကြိမ် ကျင်းပခဲ့ပြီး ဆုံးဖြတ်ချက် (၁၀၂ချက် ချမှတ်ကာ COVID-19 ကြောင့် ဖြစ်ပေါ်လျက်ရှိသည့် စီးပွားရေးဆိုင်ရာ သက်ရောက်မှုများနှင့် ပတ်သက်၍ ဆောင်ရွက်ရန် ကိစ္စရပ်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ဤသို့ဆောင်ရွက်နိုင်မှုကြောင့် စီးပွားရေး အရ သက်ရောက်မှုများအပေါ် လိုအပ်သည့် ကုစားဆောင်ရွက်မှုများ အချိန်မီဆောင်ရွက် ပေးနိုင်ခဲ့ပါကြောင်း၊ COVID-19 ကြောင့် ဖြစ်ပေါ်နေသည့် သက်ရောက်မှုများနှင့်ပတ်သက်၍ နိုင်ငံတော်အနေဖြင့်လည်း ဘက်စုံ၊ ထောင့်စုံမှ လိုအပ်သည်များ ဆောင်ရွက်လုပ်ကိုင်ပေး လျှက်ရှိပါကြောင်း၊

၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၄ ရက်နေ့အထိ စာရင်းများအရ နိုင်ငံတော်က ဆောင်ရွက်ပေးမှုအနေဖြင့် ဝင်ငွေနည်းပါးသည့် အိမ်ထောင်စုများသို့ ပထမအကြိမ် ထောက်ပံ့ကြေးအဖြစ် ကျပ် ၇၁.၁၀၃ ဘီလီယံ၊ ဒုတိယအကြိမ်အဖြစ် ကျပ် ၂၁၈.၁၁၂ ဘီလီယံ၊ တတိယအကြိမ်အဖြစ် ကျပ် ၁၁၃.၅၃၅ ဘီလီယံ ၊  စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍနှင့်ပတ်သက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှတစ်ဆင့် ထောက်ပံ့ဆောင်ရွက်ငွေ ကျပ် ၉၂.၆၁၂ ဘီလီယံ၊ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ စစ်ဘေးရှောင်စခန်းများရှိ ပြည်သူများနှင့် မသန်စွမ်း ပုဂ္ဂိုလ်များအပါအဝင် အခြားထောက်ပံ့သင့်သည့် ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှတစ်ဆင့် ထောက်ပံ့ငွေ ကျပ် ၃၅.၉၂၃ ဘီလီယံ ၊ ကျန်းမာရေးဆိုင်ရာ လုပ်ငန်းများအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက  အသုံးပြုရန် ကျပ် ၂၆၇.၉၀၃ ဘီလီယံ ၊ စားသောက်ဆိုင်နှင့် လက်ဘက်ရည် ဆိုင်များသို့ ထုတ်ချေးငွေ ကျပ် ၁၀၀ ဘီလီယံ ၊ အသေးစားချေးငွေလုပ်ငန်းများသို့ ထုတ်ချေးငွေ ကျပ် ၁၀၀ ဘီလီယံ၊ မိမိတို့ ကော်မတီက တာဝန်ယူ ဆောင်ရွက်သည့် COVID-19 Fund မှ  ထုတ်ချေးငွေ ကျပ် ၂၀၀ ဘီလီယံ ၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တောင်သူများသို့ ထုတ်ချေးငွေ ကျပ် ၆၀၀ ဘီလီယံ ၊ ၂၀၂၀ ပြည့်နှစ် ဧပြီ၊ မေလနှင့် ဇွန်လများအတွက် လျှပ်စစ်ဓာတ်အားခများ အတွက် ထောက်ပံ့ငွေ ကျပ် ၁၀၇.၃၇၉ ဘီလီယံနှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ပြည်သူ များအတွက် လျှပ်စစ်ဓာတ်အားခ ထောက်ပံ့ငွေ ကျပ် ၁.၅၁၈ ဘီလီယံ၊ စုစုပေါင်း ကျပ် ၁၉၀၈.၀၈၅ ဘီလီယံ လျာထားသတ်မှတ်ကာ ထောက်ပံ့ဆောင်ရွက်ပေးခဲ့ပါကြောင်း ဆွေးနွေးပြောကြားပါသည်။

 

ဆက်လက်၍ တက်ရောက်လာကြသူများက ဒုတိယအကြိမ် ချေးငွေများ ထုတ်ပေးခြင်းကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအတွင်း ပြီးပြတ်အောင် စိစစ်ထုတ်ပေးနိုင်ရေး  အတွက် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာလုပ်ငန်းများသို့ သီးခြားအစီအစဉ်ဖြင့် ချေးငွေထုတ်ပေးနိုင်ရေး ဆက်လက်ဆောင်ရွက် ရမည့် လုပ်ငန်းစဉ်များအပါအဝင် COVID-19 နှင့်ပတ်သက်၍ ပြောင်းလဲဖြစ်ပေါ်လာသည့် စီးပွားရေး ဆိုင်ရာ သက်ရောက်မှု အခြေအနေများအပေါ် ကုစားဆောင်ရွက်နိုင်ရေးအတွက် အစီအစဉ်များ   လိုအပ်သလို ရေးဆွဲဆောင်ရွက်ရေးဆိုင်ရာကိစ္စများနှင့် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများက တင်ပြလာသည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။

စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးစိုးဝင်းက အခွန် ဆိုင်ရာ ဖြေလျော့မှုများအနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ၃ လတစ်ကြိမ် ပေးဆောင်ရမည့် ဝင်ငွေခွန်နှင့် လစဉ်ပေးဆောင်ရမည့် ကုန်သွယ်လုပ်ငန်းခွန်တို့နှင့်စပ်လျဉ်း၍ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလကုန်အထိ ကာလတိုးမြှင့် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအတွက်လည်း လစာနှစ်လစာ အတိုးမဲ့ကြိုတင်ချေးငွေကို ဆိုင်းငံ့ကာလ ၆ လ၊ ပြန်လည်ပေးဆပ်ရမည့် ကာလတစ်နှစ် သတ်မှတ်ကာ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလမှ စတင်၍ ထုတ်ချေးပေးရန်လည်း စီစဉ်ထား ရှိပြီးဖြစ်ပါကြောင်း ဆွေးနွေးပြောကြားပါသည်။

လုပ်ငန်းကော်မတီဥက္ကဌက COVID-19 Fund မှ ဒုတိယအကြိမ် ချေးငွေပေးအပ်ရန် သတ်မှတ်ထားသည့် စီးပွားရေးကဏ္ဍများသို့ ချေးငွေထုတ်ပေးနိုင်ရေးအတွက် ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၂၇ ရက်နေ့တွင် လျှောက်လွှာများကို  စတင်လက်ခံခဲ့ပြီး  ချေးငွေများဆောလျင်စွာ ထုတ်ပေးနိုင်ရန် စိစစ်ဆောင်ရွက်လျှက် ရှိပါကြောင်း၊  ထုတ်ပေးထားသည့် ချေးငွေများအပေါ် လုပ်ငန်းရှင်များက သုံးစွဲဆောင်ရွက်မှု အခြေအနေများကိုလည်း ယခုလအတွင်း လုပ်ငန်းအဖွဲ့က စိစစ်တင်ပြ ပေးစေလိုကြောင်း၊ COVID-19 ပြန့်ပွားမှုသည် ဩဂုတ်လမှစတင်၍ ထပ်မံဖြစ်ပေါ်လျှက်ရှိသဖြင့်  ထပ်မံပေါ်ပေါက်နိုင်သည့် စီးပွားရေးဆိုင်ရာ သက်ရောက်မှုများနှင့် ပတ်သက်၍ ကြိုတင် သုံးသပ်ကာ အချိန်မီ ကုစားဆောင်ရွက်နိုင်ရေး ပြင်ဆင်ထားရှိပါရန် တိုက်တွန်းလိုပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။