သတင်းများ

ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ၏ အစည်း  အဝေးအမှတ်စဉ် (၂/၂၀၂၄) ကို ယနေ့နံနက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှု နှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁) ၌ ကျင်းပခဲ့ပါသည်။

 အစည်းအဝေးသို့ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ် ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် လုပ်ငန်းကော်မတီဝင်များဖြစ်ကြသော စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီး များ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဒုတိယဥက္ကဋ္ဌနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ အဆင့်မြင့်အရာရှိ ကြီးများ တက်ရောက်ကြပါသည်။

အစည်းအဝေးတွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌက နိုင်ငံတော်၏ လှည့်ပတ်ရန်ပုံငွေ ကျပ် ဘီလီယံ ၅၀ ပြန်လည်ပေးဆပ်ပြီးစီးမှုအခြေအနေ၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အထွေထွေပိုလျှံ ရန်ပုံငွေမှ ထုတ်ပေးထားသည့် ကျပ်ဘီလီယံ ၁၅၀ မှ ကျပ် ၂၀ ဘီလီယံ၊ စုစုပေါင်း ကျပ် ၇၀ ဘီလီယံကို ပြန်လည်ပေးဆပ်ပြီးစီးမှုအခြေအနေ၊ ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာ ကဏ္ဍသို့ ချေးငွေများ ပြန်လည်ပေးဆပ်ရမည့် ကာလအား သက်တမ်း ၁ နှစ် ထပ်မံ တိုးမြှင့်ပေးပြီး ကြောင်းအခြေအနေ၊ ကိုဗစ်-၁၉ ရန်ပုံငွေမှ ထုတ်ချေးငွေအား ကောက်ခံရရှိရေးအတွက် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ပါသည်။

ဆက်လက်၍ လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်က ချေးငွေစိစစ်ကြပ်မတ်ရေး ဆိုင်ရာကိစ္စရပ်များနှင့် ပြည်နယ်/ တိုင်းဒေသကြီးအလိုက် ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေ ထုတ်ယူ ထားသည့် ကုမ္ပဏီ/ လုပ်ငန်းများမှ အတိုးအရင်း ကောက်ခံရရှိမှုနှင့် သက်ဆိုင်ရာဌာနများ၊ ချေးငွေကြီးကြပ်ရေးအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်း တင်ပြဆွေးနွေးခဲ့ပါသည်။

အစည်းအဝေးတက်ရောက်လာကြသူများက ကော်မတီ၏ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် များနှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှုအခြေအနေ၊ သက်တမ်းစေ့ပြီး ချေးငွေပြန်လည် ကောက်ခံရေး အစီအစဉ်နှင့် လုပ်ထုံးလုပ်နည်းများ၊ ဌာနဆိုင်ရာများအကြား ပူးပေါင်းဆောင်ရွက်မှု အခြေ အနေတို့အား ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။