သတင်းများ

            နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး ညိုစော ဦးဆောင်၍ ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံတို့သည် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ မက်ဆင် ရူဇန်ကော့ဗ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့ (ကြာသပတေးနေ့)၊ ၁၀ ၃၀ နာရီ အချိန်တွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ နေပြည်တော်ရှိ ရုံးအမှတ် (၁) ၌ လက်ခံတွေ့ဆုံသည်။

              ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတို့အကြား ဖွံ့ဖြိုးမှုပူးပေါင်း ဆောင်ရွက်ရန်အတွက် ပူးတွဲဆောင်ရွက်ရေးဆိုင်ရာ ရည်ရွယ်သည့်စာလွှာ လက်မှတ်ရေးထိုးရေး ကိစ္စ၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အလားအလာများနှင့် ပူးပေါင်းဆောင်ရွက်မည့် နယ်ပယ် များဖြစ်သော  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် နို့ထွက်ပစ္စည်းကဏ္ဍ၊ တန်ဖိုးမြှင့် လူသုံးကုန်/ စားကုန် ထုတ်လုပ်ရေးကဏ္ဍ၊ လျှပ်စစ်၊ စက်မှုနှင့် မော်တော်ယာဉ်ထုတ်လုပ်ရေးကဏ္ဍနှင့် ဆေးဝါးနှင့် ဆေးဝါးကုန်ကြမ်းထုတ်လုပ်ရေးကဏ္ဍများတွင် ရင်းနှီးမြှပ်နှံနိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ သီလဝါ အထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံရေးဆိုင်ရာ အခွင့်အလမ်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ သည်။

              ဘယ်လာရုစ်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးက ဆွေးနွေးရာတွင် ဘယ်လာရုစ်နိုင်ငံ အနေဖြင့် ကုန်သွယ်ရေးမူဝါဒများကျင့်သုံးရာတွင် နှစ်ဖက်အပြန်အလှန် အကျိုးရှိသော ကုန်သွယ်/ စီးပွားမူဝါဒများကို ကျင့်သုံးလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် နို့နှင့် နို့ထွက်ပစ္စည်းများ ထုတ်လုပ်ခြင်းလုပ်ငန်း၌ လာရောက်ရင်းနှီးမြှုပ်နှံရေး၊  သဘာဝဓါတ်ငွေ့မှ ဓါတ်မြေဩဇာ ထုတ်လုပ်ခြင်း လုပ်ငန်းများ၊ ဆေးနှင့် ဆေးဝါး ပစ္စည်းများထုတ်လုပ်ရာတွင် လူသုံးဆေးဝါးအပြင် တိရစ္ဆာန်ကုသရေးဆိုင်ရာ ဆေးဝါးများ ထုတ်လုပ်နိုင်ရေးကိစ္စရပ်များ၊  မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် စီးပွား‌ရေးပူးပေါင်းဆောင်ရွက်မှု ပူးတွဲကော်မတီအစည်းအဝေး ကျင်းပနိုင်ရေးကိစ္စရပ်များနှင့် မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရာတွင် နည်းပညာများ လွှဲပြောင်းနိုင်ရေးအတွက် သိပ္ပံနှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ် ချုပ်ဆို နိုင်ရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးခဲ့သည်။

               ဆွေးနွေးမှုအပြီးတွင် နှစ်နိုင်ငံလက်မှတ်ရေးထိုးမည့် ဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရန် အတွက် ပူးတွဲဆောင်ရွက်ရေးဆိုင်ရာ ရည်ရွယ်သည့်စာလွှာကို ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမာလာမျိုးညွန့်နှင့် ဘယ်လာရုစ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှ၊ အာဖရိကနှင့် လက်တင်အမေရိကဆိုင်ရာ ညွှန်ကြားရေးမှူးချုပ် မစ္စတာ ဒမစ်ထရီမီရွန်ချစ်ခ်တို့က လက်မှတ်တို (Initial) ရေးထိုးကြသည်။

              ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးညိုစော၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးတို့သည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြပြီး နှစ်နိုင်ငံ အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြသည်။

              အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာနနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနများမှ အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ကြောင်း သိရှိရသည်။