သတင်းများ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ (၆) နှစ်မြောက် ဝန်ကြီးဌာန နှစ်ပတ်လည်နေ့ အခမ်းအနားနှင့် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားတို့ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက် (သောကြာနေ့) တွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊  ရုံးအမှတ် (၁) ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့တွင်  ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာနတို့ဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ယခုဆိုလျှင် ၆ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန၏ နှစ်ပတ်လည်နေ့သည် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ကျရောက်ခဲ့သော်လည်း အခြား နိုင်ငံတော်အခမ်းအနားများနှင့် တိုက်ဆိုင်နေသဖြင့် ယခုမှ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ဝန်ကြီးဌာန၏ ၆ နှစ်တာကာလ အတွင်း  နိုင်ငံတော်မှ ချမှတ်ထားသည့် မူဝါဒများ၊ လမ်းညွှန်ချက်များနှင့်အညီ နိုင်ငံ့စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးတက်ရေးတို့အတွက် ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတကာစီးပွားဆက်သွယ်ရေးအရှိန်အဟုန် ရရှိရေး အင်တိုက်အားတိုက် ကျရာကဏ္ဍမှ ပါဝင်ဆောင်ရွက် ခဲ့ကြသော ဝန်ထမ်းများကို အထူးဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ ဝန်ထမ်းအင်အားနည်းပါးသော်လည်း နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသောအခန်းကဏ္ဍမှ တာဝန်ယူဆောင်ရွက် ပေးနေသော ဝန်ကြီးဌာနဖြစ်ပါကြောင်း၊  ဝန်ကြီးဌာနအနေဖြင့် တန်ဆောင်တိုင် မီးပုံးပျံလွှင့်တင်ပွဲနှင့် အမျိုးသားအားကစား ပွဲတော်များတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဝန်ထမ်းများ၏ စည်းလုံးညီညွတ်စွာဖြင့် ကြိုးစားအားထုတ်မှုကြောင့် မီးပုံးပျံလွှင့်တင်ပွဲတွင် တတိယဆုကို ဆွတ်ခူးရရှိခဲ့ပါကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံ စီးပွားရေးပညာ နှစ် (၁၀၀) ရာပြည့် အခမ်းအနားကို မိမိတို့ဝန်ကြီးဌာနက ဦးဆောင်၍ နိုင်ငံတော်အဆင့် ခမ်းနားထည်ဝါစွာ ကျင်းပနိုင်ခဲ့ခြင်းသည် ဌာန၏ သမိုင်းမှတ်တိုင် တစ်ခုဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန၏ ၆ နှစ်မြောက် နှစ်ပတ်လည်နေ့တွင် ဝန်ထမ်းများအတွက် ဆုများကို ချီးမြှင့်ပေးသွားမည်ဖြစ်ပါကြောင်း၊ ဆုများရွေးချယ်မှုနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးစီးဆောင်ရွက်ခဲ့ပြီး ဆု (၁၀) မျိုး ချီးမြှင့် ပေးသွားမည်ဖြစ်ပါကြောင်း၊ ဆုရရှိသူများအနေဖြင့် လုပ်ငန်းတာဝန်များကို ဆက်လက်ကြိုးပမ်း စေလိုကြောင်းနှင့် ကျန်ဝန်ထမ်းများအနေဖြင့်လည်း လက်ရှိထက် ပိုမိုကြိုးပမ်းအားထုတ်ကြရန် တိုက်တွန်းပြောကြားလိုကြောင်း၊ မိမိတို့ဝန်ထမ်းများအနေဖြင့် ဝန်ထမ်းစည်းမျဉ်း ၊ စည်းကမ်းများကို တိကျစွာ လိုက်နာကျင့်သုံးရန်နှင့် နိုင်ငံတော်အပေါ် သစ္စာစောင့်သိရန် အဓိကမှာကြားလိုပါကြောင်း၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုး တက်ရေးအတွက် ဌာနတွင်း အခြေခံသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး မွမ်းမံသင်တန်း များကို ဆက်လက်ဖွင့်လှစ်သင်ကြားပေးမည် ဖြစ်ပါကြောင်း၊ ဝန်ထမ်းများ အနေဖြင့် မိမိတို့အား ယုံကြည်စွာအပ်နှံထားသည့် လုပ်ငန်းတာဝန်များကို ကျေကျေပွန်ပွန် ထမ်းဆောင်ကြရန်၊ ဝန်ထမ်း များ စုစုစည်းစည်း ညီညီညွတ်ညွတ်ဖြင့် တစ်ဦးချင်း အရည်အသွေး၊ အရည်အချင်း ပြည့်ပြည့်ဝဝ ဖြင့် တာဝန်ကျေပွန်အောင် ဆောင်ရွက်ကြရန်နှင့် စံပြဝန်ကြီးဌာနတစ်ခုဖြစ်အောင် ဆက်လက် ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြားခဲ့သည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်က ဝန်ကြီးဌာန၏ ၆ နှစ်မြောက် နှစ်ပတ် လည်နေ့ ဆုများရွေးချယ်ခြင်းနှင့်စပ်လျဉ်းသည့် စံသတ်မှတ်ချက်များနှင့်  ဆုများချီးမြှင့်ခြင်းတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ထူးချွန်စံပြဝန်ထမ်း (အရာထမ်း) ဆု၊ ထူးချွန်စံပြ ဝန်ထမ်း (အမှုထမ်း) ဆုနှင့် ဌာနခွဲစံပြဆုများ ချီးမြှင့်ခဲ့ပြီး ဒုတိယဝန်ကြီးနှင့် သက်ဆိုင်ရာဌာန အကြီးအကဲတို့မှလည်း အခြားဆုများကို ချီးမြှင့်ခဲ့ကြသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဝန်ကြီးဌာန နှစ်ပတ်လည် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားသို့ တက်ရောက်လာသော ဝန်ထမ်းများနှင့်အတူ ညစာသုံးဆောင်ခဲ့ပြီး ဝန်ထမ်းများက ကံစမ်းမဲဖောက်သည့် အစီအစဉ်များနှင့် ဖျော်ဖြေရေးအစီအစဉ်များတွင် ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ ကြသည်။ 

အဆိုပါ နှစ်ပတ်လည်အခမ်းအနားနှင့် ဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။