သတင်းများ

ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေရယူထားပြီး အတိုး/အရင်း ပေးဆပ်ရန် ကျန်ရှိနေသော လုပ်ငန်းများအနေဖြင့် ချေးငွေများအမြန်ဆုံးပေးဆပ်ရန် နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် အများပြည်သူသို့ အသိပေးကြေညာခြင်းနှင့်စပ်လျဉ်း၍ လုပ်ငန်းကော်မတီရုံးသို့ မကြာခဏ မေးမြန်းလာသည့် မေးခွန်းနှင့် အဖြေများ-

မေးခွန်း (၁)

ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီက ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်မှုရှိခဲ့တဲ့ စီးပွားရေးလုပ်ငန်းရှင် များအား ၂၀၂၀ ပြည့်နှစ် ဧပြီလမှ စတင်ပြီး ချေးငွေများ ထုတ်ချေးပေးခဲ့ရာ ချေးငွေ သက်တမ်းများတိုးမြှင့် ဆောင်ရွက်ပေးခဲ့တဲ့ အခြေအနေများနဲ့ ပတ်သက်ပြီး ရှင်းပြပေး စေလိုပါတယ်။ 

အဖြေ (၁)

ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီမှ ပြည်သူ့ဘဏ္ဍာငွေများဖြစ်သည့် နိုင်ငံတော်၏ လှည့်ပတ်ရန်ပုံငွေ (Revolving Fund-RF) မှ ကျပ် ၅၀ ဘီလီယံနှင့်  ပြည်ထောင်စု၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အထွေထွေ ပိုလျှံရန်ပုံငွေ (General Reserve Fund-GRF)မှ ကျပ် ၁၅၀ ဘီလီယံ စုစုပေါင်း ကိုဗစ်-၁၉ ရန်ပုံငွေ ကျပ် ၂၀၀ ဘီလီယံ ဖြင့် ကိုဗစ်-၁၉ကပ်ရောဂါကြောင့် ထိခိုက်ခံစားခဲ့ ရသည့် လုပ်ငန်းနယ်ပယ်များရှိ ကုမ္ပဏီ/လုပ်ငန်းများအား ၂၀၂၀ ပြည့်နှစ် ဧပြီလမှ စတင်ပြီး ချေးငွေသက်တမ်း ၁ နှစ် သတ်မှတ်၍ ချေးငွေများကို ခွင့်ပြုပေးခဲ့ပါတယ်။

ချေးငွေသက်တမ်း တစ်နှစ်ပြည့်မြောက်ပြီးနောက်တွင်လည်း ၁၇-၃-၂၀၂၁ နေ့ရက်တွင် ပထမ အကြိမ်(၆)လ၊ ၁၁-၉-၂၀၂၁ နေ့ရက်တွင် ဒုတိယအကြိမ်(၆)လနဲ့  ၄-၁၁-၂၀၂၂ နေ့ရက်တွင် တတိယအကြိမ် (၁) နှစ် သက်တမ်းတိုးခွင့်ပြုပေးခဲ့ပြီး စုစုပေါင်း သက်တမ်း (၃) နှစ် အထိ ခွင့်ပြုပေးထားခဲ့ပြီး ဖြစ်ပါတယ်။ ဒါကြောင့်လည်း ၂၀၂ ပြည့်နှစ်အတွင်းက ကိုဗစ်-၁၉ ချေးငွေရယူထားသည့် ကုမ္ပဏီ/လုပ်ငန်းများ အားလုံးသည် ယခုအချိန်တွင် ချေးငွေခွင့်ပြု ပေးခဲ့သည့် သက်တမ်း ၃ နှစ် ပြည့်မြောက် ကျော်လွန်ခဲ့ပြီး ဖြစ်ပါတယ်အချို့လုပ်ငန်းများ သည် ယနေ့ဆိုလျှင် ၃ နှစ်ကျော် ၄ နှစ် ထဲမှာ ခံစားနေပြီ ဖြစ်ပါတယ်။

 မေးခွန်း (၂)

အခုအခါ ကိုဗစ်-၁၉ ရန်ပုံငွေမှ ခွင့်ပြုချေးငွေများကို ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁ ရက်နေ့မတိုင်မီ အမြန်ဆုံးအပြေအကျေ ပြန်လည်ပေးဆပ်ကြရန် အသိပေးကြေညာထားတာရှိပါတယ် ဒီတော့ ပေးဆပ်တဲ့အခါမှာ ပြည်လည်ပေးဆပ်ရမည့်နည်းလမ်း၊ ပြန်လည်ပေးဆပ်ရန် ကျန်ရှိတဲ့ကုမ္ပဏီ/ လုပ်ငန်းအရေအတွက်နဲ့ ချေးငွေပမာဏတို့ကို ရှင်းပြပေးစေလိုပါတယ်။ 

အဖြေ (၂)

ကော်မတီအနေဖြင့် ကိုဗစ်-၁၉ ရန်ပုံငွေမှ ခွင့်ပြုချေးငွေများကို မြန်မာနိုင်ငံကုန်သည်များ နှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊  တိုင်းဒေသကြီး/ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းတို့၏ စိစစ်ထောက်ခံပေးမှုဖြင့်   မြန်မာ့စီးပွားရေးဘဏ် နှင့် ပုဂ္ဂလိကဘဏ် ၆ ခု တို့ကနေ တဆင့်ထုတ်ချေးပေးခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်လည်း ချေးငွေပြန်လည်ပေးဆပ်ရာမှာ မိမိတို့ ထုတ်ယူထားသည့် မြန်မာ့စီးပွားရေးဘဏ်အောက်ရှိ သက်ဆိုင်ရာဘဏ်ခွဲများ၊ ပုဂ္ဂလိက ဘဏ် ၆ ခု ဖြစ်သည့် CB ဘဏ်၊ MOB ဘဏ်၊ A ဘဏ်၊ AGD ဘဏ်၊ NDB ဘဏ်နှင့် SMED ဘဏ်များ မှ တစ်ဆင့် ပြန်လည်ပေးဆပ်ရမှာဖြစ်ပါတယ်။

ချေးငွေများကို ၂၀၂၀ ပြည့်နှစ် ဧပြီလမှ စတင်၍  ကုမ္ပဏီ/ လုပ်ငန်း စုစုပေါင်း ၅၉၉၀ ခု ထံသို့ ကျပ် ၁၅၈.၄၄၃၈ ဘီလီယံ ခွင့်ပြုထုတ်ချေးခဲ့ပါတယ်။ ကုမ္ပဏီ/လုပ်ငန်းများသို့ ချေးငွေခွင့်ပြု ပေးခဲ့သည့် သတ်မှတ်ကာလ ၃ နှစ် ကို ကျော်လွန်ခဲ့ပြီ ဖြစ်သော်လည်း စာရင်းများအရ ၂၀၂၄ ခုနှစ်၊ မေလကုန် အထိ အရင်းအကျေဆပ်သည့် ကုမ္ပဏီ/လုပ်ငန်း ၁၂၀၅ ခု သာရှိပြီး  အရင်းအလီလီဆပ်သည့် ကုမ္ပဏီ/လုပ်ငန်း ၁၃၂၆ ခု နဲ့  အရင်းလုံးဝမဆပ်ရသေးသော  ကုမ္ပဏီ/လုပ်ငန်း ၃၄၅၉ ခု ဖြစ်ပါတယ်။  

အရင်း အလီလီဆပ်နှင့် လုံးဝမဆပ်ရသေးသော ကုမ္ပဏီ/လုပ်ငန်းများအနေဖြင့် သတ်မှတ် ကာလအတွင်း သက်ဆိုင်ရာဘဏ်များနှင့်ဆက်သွယ်၍ အလျင်အမြန်ပြန်လည်ပေးဆပ်ရန် တာဝန်ရှိကြောင်း ကော်မတီမှ အသိပေးပြောကြားလိုပါတယ်။

မေးခွန်း (၃)

ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်း ကော်မတီအနေနဲ့ ချေးငွေများပြန်လည်ရရှိတဲ့အခါမှာ ဘယ်လို ပြန်လည်အသုံးချ သွားမလဲ ဆိုတာ ကိုလည်း ရှင်းပြပေး စေလိုပါတယ်။

 အဖြေ (၃)

ကိုဗစ်-၁၉ ကပ်ရောဂါကျရောက်ချိန်က လုပ်ငန်းများလည်ပတ်နိုင်ရေးအတွက် နိုင်ငံတော် ၏ အကူအညီအထောက်အပံ့ ချေးငွေအနေဖြင့် ထုတ်ပေးခဲ့သည့် ကျပ် ၂၀၀ ဘီလီယံမှ ယနေ့အထိဆိုလျှင် ကျပ် ၇၅ ဘီလီယံ ပြန်လည်ကောက်ခံရရှိပြီး ဖြစ်ပါတယ်။

ချေးငွေရယူထားသည့် ကုမ္ပဏီ/ လုပ်ငန်းများထံမှ ပြန်လည်ကောက်ခံ ရရှိလာမည့် ပြည်သူ့ဘဏ္ဍာများကို နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့ဖြစ်စေမည့် လိုအပ်သည့် ကဏ္ဍများနှင့် ဒေသများတွင် ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများနှင့်အညီ ပြန်လည် လှည့်လည်သုံးစွဲသွားရန် လျာထားကြောင်း သိရှိရပါတယ်။

ဒါကြောင့် ချေးငွေရယူထားသူများအနေဖြင့်လည်း ပြည်သူ့ဘဏ္ဍာငွေများကို အချိန်ကာလ တစ်ခုအထိ အကျိုးခံစားရပြီး ဖြစ်တာကြောင့် ချေးငွေပြန်လည်ပေးဆပ်ရန် သတ်မှတ် ထားသည့် အချိန်ကာလဖြစ်သည့် ၁-၇-၂၀၂၄ ရက်နေ့ မတိုင်မီ ချေးငွေများကို အမြန်ဆုံး ပြန်လည်ပေးဆပ်သွားရန်လည်း ကော်မတီအနေဖြင့် တိုက်တွန်း ပြောကြားလိုပါတယ်။

မေးခွန်း (၄)

ချေးငွေများကို ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁ ရက်နေ့မတိုင်မီ အမြန်ဆုံးအပြေအကျေ ပြန်လည် ပေးဆပ်ကြရန် အသိပေးကြေညာထားရှိရာမှာ တကယ်လို့ ပြန်လည်မပေးဆပ်နိုင်သူများ  ရှိမယ်ဆိုရင်ရော ဘယ်လိုအရေးယူမှုများဆောင်ရွက်သွားဖို့ ရှိပါသလဲ။ 

အဖြေ (၄)

ချေးငွေများခွင့်ပြုခဲ့စဉ်ကာလတွင် မည်သည့်အပေါင်ပစ္စည်းကိုမှ ရယူထားခြင်းမရှိဘဲ သက်သာတဲ့ အတိုးနှုန်းဖြစ်တဲ့ တစ်နှစ်လျှင် ၁ ရာခိုင်နှုန်းဖြင့်သာ ခွင့်ပြုထုတ်ပေးထားခဲ့ခြင်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း ချေးငွေစာချုပ်ပါ အပိုဒ်(၇)အရ၊ ဥပဒေကြောင်း အရ တာဝန်ရှိသလို၊ နိုင်ငံတော်ရဲ့ ကူညီထောက်ပံ့မှုဖြင့် ပြည်သူ့ဘဏ္ဍာငွေများကို ချေးငွေအဖြစ် ရယူထားသည့် ကုမ္ပဏီ/ လုပ်ငန်းများအနေဖြင့် မဖြစ်မနေ ပြန်လည်ပေးဆပ်ရန် တာဝန်ရှိ ပါတယ်။

ကော်မတီအနေဖြင့်လည်း ပြည်သူ့ဘဏ္ဍာငွေများ လေလွင့်ဆုံးရှုံးမှုမရှိစေရေးအတွက် ချေးငွေပြန်လည်ပေးဆပ်ရန် ပျက်ကွက်သူများကို တစ်ဦးချင်းအလိုက် အမည်စာရင်းဖြင့် ဦးစွာသတင်းစာတွင်ကြေညာ၍ အသိပေးမှာဖြစ်ပါတယ်။ ထို့နောက် သက်ဆိုင်ရာ လုပ်ငန်း အုပ်စုအမျိုးအစားအလိုက် ခွင့်ပြုမိန့်ထုတ်ပေးထားသည့် သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်း၊ အသင်းအဖွဲ့များက ကုမ္ပဏီ/လုပ်ငန်းများအား ဆိုင်းငံ့ခြင်း၊ ယာယီရပ်ဆိုင်းခြင်း၊ ရပ်ဆိုင်း ခြင်း၊ အမည်ပျက်စာရင်းရေးသွင်း ပိတ်ပင်ခြင်းတို့ဖြင့် ဖြစ်စေ၊ နယ်မြေဒေသအလိုက် အုပ်ချုပ်ရေးအဖွဲ့အစည်းများဖြင့် ညှိနှိုင်းပေါင်းစပ်၍ ဖြစ်စေ ချေးငွေပြန်လည်ရရှိရေးကို စီမံခန့်ခွဲမှုလုပ်ငန်း အဆင့်ဆင့်ဖြင့် စနစ်တကျ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

မေးခွန်း (၅)

ချေးငွေပြန်လည်ပေးဆပ်ရေးနှင့် ပတ်သက်၍ ဖြည့်စွက်ပြောကြားလိုတာများ ရှိမယ် ဆိုရင်လည်း ပြောကြားပေးစေလိုပါတယ်။

အဖြေ (၅)

ကော်မတီအနေဖြင့် ကိုဗစ်-၁၉ ရန်ပုံငွေမှ ပြန်လည်ကောက်ခံရရှိလာမည့် ပြည်သူ့ဘဏ္ဍာ ငွေများကို နိုင်ငံတော်သို့ပြန်လည်အပ်နှံ၍ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီ ထောက်ပံ့ပေးရန် လိုအပ်သည့် ကဏ္ဍများ၊ ဒေသများရှိ ပြည်သူများ၊ လုပ်ငန်းများအတွက် ပြန်လည်လှည့်လည်သုံးစွဲသွားရန် ရည်မှန်းထားရှိပြီး ဖြစ်ပါတယ်။

ဒါကြောင့် သက်တမ်း ၃ နှစ် ပြည့်ပြီး  ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေရယူထားသည့် ကုမ္ပဏီ/ လုပ်ငန်းများထံမှ ချေးငွေများအား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့ မတိုင်မီ အမြန်ဆုံး အပြေအကျေ ပြန်လည်ပေးဆပ်လာစေရန် အတွက် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့မှ  စတင်၍ နိုင်ငံပိုင်သတင်းစာများတွင် ကြေညာထားရှိပြီး ဖြစ်ပါတယ်။

အဆိုပါ သတ်မှတ်ရက် ကျော်လွန်ပါက စီမံခန့်ခွဲမှုလုပ်ငန်း အဆင့်ဆင့်ဖြင့် ဆောင်ရွက် သွားမှာဖြစ်ပါတယ်။ ဒါကြောင့်လည်း ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေရယူထားပြီး ပြန်လည် ပေးဆပ်ရန် တာဝန်ရှိသည့် ကုမ္ပဏီ/ လုပ်ငန်းများအနေဖြင့် အလျင်အမြန် အပြေအကျေ ပြန်လည်ပေးဆပ်ရန် ကော်မတီအနေဖြင့် တိုက်တွန်း ပြောကြားလိုပါတယ်။

 

**************