သတင်းများ


နေပြည်တော်၊ ဇွန် ၂၉  ရက် 

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ထမ်းသားသမီးများ၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုအောင်မြင်သူများအား ဆုပေးအပ်ချီးမြှင့်ခြင်းနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနား ကို ယနေ့နံနက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁) ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာကံဇော် တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။

အခမ်းအနားသို့ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း/အမှုထမ်းများ ၊ ကျောင်းသား ၊ ကျောင်းသူများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ရုံးချုပ်နှင့်တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူး ရုံးများမှ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ အပါအဝင် စုစုပေါင်းအင်အား ၃၀၀ ကျော် တက်ရောက်ကြပါသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများ၏ သားသမီးများသည် နိုင်ငံ၏ အနာဂတ်ဖြစ်သည့်နည်းတူ ပညာရေးသည်လည်း နိုင်ငံတော်၏ အနာဂတ်ဖြစ်သဖြင့် ဝန်ထမ်းများ၏ သားသမီးများကို ပညာတတ်လူငယ်များဖြစ်လာစေရန် ရည်ရွယ်၍ ထောက်ပံ့ပေးခြင်း ဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့်  ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ကြားနိုင်ပြီး အချိန်မတိုင်မီ အကြောင်း အမျိုးမျိုးကြောင့် ကျောင်းထွက်ရခြင်းများ မရှိစေရေးတို့အတွက် ဝိုင်းဝန်း ကြိုးစားဆောင်ရွက် ပေးစေလိုပါကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ ၂၀၂၄ ကို “လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ပညာရေးကိုပိုမိုမြှင့်တင်ပေး” ဟူသော ဆောင်ပုဒ်ဖြင့် ကျင်းပခဲ့သည့် ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်အကြီးအကဲက “နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက် မှု၏ အခြေခံအုတ်မြစ်သည် ပညာတတ်အရင်းအမြစ်များ ပေါများခြင်းပင်ဖြစ် သည်ဟု ပြောကြားခဲ့ပါကြောင်း၊ ပညာရေးသည် လူသားအရင်းအမြစ် ရင်းနှီးမြှုပ်နှံမှု (Human Resource Investment ) ဖြစ်သဖြင့် နိုင်ငံတော်တိုးတက်ရေးအတွက် အဓိက အရေးပါသော ကျောင်းသား၊ ကျောင်းသူများက ပညာရေးကို အစွမ်းကုန်ကြိုးစားဆောင်ရွက်စေလိုပါကြောင်း၊ စိတ်ရောကိုယ်ပါ ကြံ့ခိုင်ကောင်းမွန်သော လူကောင်းလူတော် နိုင်ငံ့သားကောင်းများကို  မွေးထုတ်ပေးနိုင်ရေး ဝန်ထမ်းမိဘများက  သားသမီးများကို ပြည့်ပြည့်ဝဝ စနစ်တကျဖြင့် ပြုစုပေးကြစေလိုကြောင်း၊  ကျောင်းနေအရွယ်ကလေးများအားလုံး အနည်းဆုံး KG + 12 ထိ အခြေခံ ပညာသင်ယူခွင့်ရရှိရေးအတွက် မိဘများကိုယ်တိုင်ကြိုးစား၍ ပညာအမွေပေးကြစေလိုပါကြောင်း၊ ပညာသင်ယူတတ်မြောက်မှသာ အသိပညာ၊ ဗဟုသုတ ပြည့်စုံ၍ အဆိုးအကောင်းကို ဝေဖန်ပိုင်းခြားနိုင်မည်ဖြစ်ပါကြောင်း၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ထမ်း မိဘများက မိမိတို့၏ သား၊ သမီးများကို နိုင်ငံတော်အတွက် အားကိုးအားထား ပြုထိုက် သည့် လူငယ်များဖြစ်လာစေရေး ၊  နိုင်ငံတော်၏ ပုခုံးပြောင်းတာဝန်များကို လက်ဆင့်ကမ်းရယူ နိုင်ရေး ၊ နိုင်ငံတော်ကို ဦးဆောင်နိုင်သည့် ပညာတတ်လူငယ်များဖြစ်ပေါ်လာစေရေး ၊ ပညာတတ် လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုကြောင်း၊  ကျောင်းသား ၊ ကျောင်းသူများ၏  ကြိုစားမှု ရလဒ်များသည် မိဘများ၏ ဂုဏ်သိက္ခာ ဖြစ်သဖြင့် ကျောင်းပညာများကို ထူးချွန်အောင်ကြိုးစား သင်ယူကြစေလိုကြောင်းနှင့် နိုင်ငံ၏အခြေခံ အကျဆုံး ကဏ္ဍသည် ပညာရေးကဏ္ဍဖြစ်သဖြင့် “ပညာမြင့်မှ လူမျိုးတင့်မည်” ဆိုသော စကားနှင့်အညီ ပညာရေးဖြင့် နိုင်ငံ‌ရေး ၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍများတွင် မြင့်မားတိုးတက် လာစေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း  ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် လေးဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် မသီရိစန္ဒာဦး ၊ နှစ်ဘာသာ ဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သည့် မောင်အောင်ခေတ်ပိုင်နှင့် တက္ကသိုလ်ဝင်တန်းတွင် နှစ်ချင်းပေါက်  အောင်မြင်ခဲ့သည့် မောင်ဉာဏ်လင်းထွန်းတို့ကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့် ခဲ့ပါသည်။

           ထို့နောက် ဒုတိယဝန်ကြီး၊ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်၊ ရင်းနှီးမြှုပ်နှံ မှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် တို့က အထက်တန်း၊ အလယ် တန်းနှင့် မူလတန်းတို့တွင် ပညာသင်ကြားလျက်ရှိသော  ကျောင်းသား ၊ ကျောင်းသူများကို တစ်ဦးချင်း ပညာသင် ထောက်ပံ့ ကြေးများ ပေးအပ်ချီးမြှင့်ခဲ့ပြီး ကျောင်းသား ၊ ကျောင်းသူများ ကိုယ်စား လေးဘာသာဂုဏ်ထူးရှင် မသီရိစန္ဒာဦး က ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ပါသည်။

           ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနတွင် ၂၀၂၃-၂၀၂၄ ပညာ သင်နှစ်၌ တက္ကသိုလ်ဝင်တန်းကို ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူ ၃ ဦး နှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ ကျောင်းသူ ၂၁၂ ဦးတို့အတွက် စုစုပေါင်း ပညာသင်ထောက်ပံ့ကြေး ငွေကျပ် ၁၀,၇၅၀,၀၀၀ ကို‌ ချီးမြှင့် ထောက်ပံ့ ခဲ့ပါသည်။