သတင်းများ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနရှိ တာဝန်ထမ်းဆောင်လျက်ရှိသည့် အရာထမ်းနှင့် အမှုထမ်းများအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းအမှတ်စဉ် (၂/၂၀၂၄) ဖွင့်ပွဲ အခမ်းအနားကို  ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာန၊ ရုံးအမှတ် (၁)  ကျင်းပခဲ့ပါသည်။

 ဖွင့်ပွဲအခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ၊ သင်တန်းဆရာ/ ဆရာမများ နှင့် သင်တန်းသား/ သင်တန်းသူ ၅၁ ဦး တက်ရောက်ခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများအတွက် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ သီးသန့်ဖွင့်လှစ်သည့် သင်တန်းဖြစ်ပါကြောင်း၊ သင်တန်း သားများအနေဖြင့် မိမိတို့ဝန်ကြီးဌာနနှင့် ဦးစီးဌာနများ၏ မူဝါဒများ၊ ဦးတည်ချက်များ၊ လုပ်ငန်းစဉ်များနှင့် အခြေခံသဘော တရားများကို သေသေချာချာ သိရှိနားလည်စေရန် လိုအပ်ပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန အနေဖြင့် နိုင်ငံတော်၏ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်လျက်ရှိပြီး နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာနအနေဖြင့်  နှစ်နိုင်ငံချင်း ဆက်သွယ်မှု၊ နိုင်ငံများနှင့် ဆက်သွယ်မှု၊ နိုင်ငံတကာနှင့် စုစည်းထားသည့် အဖွဲ့အစည်းများနှင့် ဆက်သွယ်    ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ထမ်းများ အရည်အသွေး ပြည့်ဝတိုးတက်ကောင်းမွန်စေရန် အထူးလိုအပ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ဝန်ထမ်းလက်စွဲ၊ စည်းမျဉ်း၊ စည်းကမ်းများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်း ဥပဒေများကို လေးစားလိုက်နာရန်နှင့် ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများကို သိရှိလိုက်နာရန် လိုအပ်ကြောင်း၊ ဝန်ထမ်းများ မိမိကိုယ်ကို ယုံကြည်မှု၊ မိမိဝန်ကြီးဌာနကို ယုံကြည်မှုနှင့် မိမိနိုင်ငံတော်အပေါ် ယုံကြည်မှု ရှိရှိနှင့် ခွန်ပြည့် အားပြည့်ဖြင့် အလုပ်လုပ်ရန် လိုအပ်ကြောင်း၊  ယခု သင်တန်းတွင် သင်တန်းသားများ သိသင့်သိထိုက်သော ဘာသာရပ်များကို ခြုံငုံသိရှိစေရန် သင်ကြားပို့ချ ပေးမည်ဖြစ်ကြောင်း၊ သင်တန်းပြီးချိန်တွင် သင်တန်းသားများအနေဖြင့် Group Presentation များကို အုပ်စုလိုက် လက်တွေ့ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဌာနမှ ဖွင့်လှစ်သည့် သင်တန်းများအပြင် အခြားသော ဝန်ကြီးဌာနများမှ ဖွင့်လှစ်သည့် သင်တန်းများနှင့် ပြည်ထောင်စုရာထူးဝန်မှ ဖွင့်လှစ်သည့် သင်တန်းများသို့ စေလွှတ်ပေးလျက်ရှိပြီး ထူးချွန် သင်တန်းသားများကိုလည်း မှတ်တမ်းပြု၍ ချီးမြှင့်ပေးလျက် ရှိပါကြောင်း၊ မိမိတို့သည် နိုင်ငံ့ဝန်ထမ်းများ ဖြစ်သည့်အတွက် နိုင်ငံတော်နှင့် မိမိတို့ဝန်ကြီးဌာနအပေါ် သစ္စာစောင့်သိ၍ ပေးအပ်သောတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ကြရန်၊ ဝန်ထမ်းလက်စွဲနှင့်အညီ စနစ်တကျ၊ စည်းကမ်း   တကျဖြင့် ဆောင်ရွက်ရန် မှာကြားလိုပါကြောင်း၊ ယခု သင်တန်းမှ စွမ်းဆောင်ရည် ပြည့်ဝသော အရာထမ်း/အမှုထမ်းကောင်းများ မွေးထုတ်ပေးနိုင်မည်ဟု မျှော်လင့်ယုံကြည်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ဝိရိယ၊ သစ္စာ၊ ဉာဏ၊ သမာဓိ ဆိုသည့် အချက်များနှင့် ပြည့်စုံသော နိုင်ငံ့ဝန်ထမ်းကောင်းများ ဖြစ်ပါစေကြောင်းနှင့် ယခုသင်တန်းသို့ လေးလေးနက်နက်ထား၍ တက်ရောက်စေလိုကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၉ ရက် မှ ဇွန်လ ၁၇ ရက်အထိ In Person ၂၂ ဦး၊ Online ဖြင့် ၂၉ ဦး စုစုပေါင်း ၅၁ ဦးဖြင့် ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းကာလအတွင်း ဝန်ကြီးဌာန၏ ရည်မှန်းချက်  တာဝန်များ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် စီမံခန့်ခွဲမှု ဘာသာရပ်၊ နိုင်ငံ့ဝန်ထမ်း  ဥပဒေ၊ နည်းဥပဒေများ၊ ရုံးလုပ်ငန်းလက်စွဲ ဘာသာရပ်နှင့် ဝန်ထမ်းများသိရှိထားရမည့် ဘာသာရပ်များကို သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ အရာရှိကြီးများနှင့် သင်တန်းနည်းပြများအား ဖိတ်ခေါ်၍ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။