သတင်းများ

(မကွေး၊ ဇွန် ၂၅)

မကွေးတိုင်းဒေသကြီးအတွင်းရှိ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ မြှင့်တင်ရေး ဆွေးနွေးပွဲ ၂၀၂၄ ကို ယနေ့နံနက်ပိုင်းတွင်   မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်တို့ တက်ရောက်၍ အမှာစကားများ ပြောကြားကြပါသည်။

အဆိုပါ ဆွေးနွေးပွဲကို မကွေးတိုင်းဒေသကြီးအတွင်းရှိ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ ပိုမိုသိရှိနိုင်စေရန်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ဆက်စပ်သည့်ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်စေရန်နှင့် လုပ်ငန်းရှင်များ တွေ့ကြုံနေရသော ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခက်အခဲများကို ပေါင်းစပ်ညှိနှိုင်းကူညီပေးနိုင်ရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်သည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က အမှာစကားပြောကြားရာတွင် မကွေးတိုင်း ဒေသကြီးသည် မြန်မာနိုင်ငံအလယ်ပိုင်းတွင် တည်ရှိပြီး အချက်အချာကျသော ဒေသတစ်ခုဖြစ် ကြောင်း၊ ပြည်တွင်းနှင့် ဒေသခံလုပ်ငန်းရှင်များ စီးပွားရေးလုပ်ကိုင်နိုင်စွမ်း မြှင့်တင်နိုင်ရေး ဤဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း၊  ပြည်တွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ကြီးမား သောအခွင့်အလမ်းများကို ဖန်တီးပေးနိုင်သော မကွေးတိုင်းဒေသကြီးအတွင်း MSME လုပ်ငန်းများ အပါအဝင်  ပြည်တွင်း/ နိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် နိုင်ငံတော်က လိုအပ်သည်များကို စိစစ်ဖြည့်ဆည်းနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်ခြင်းဖြင့်  လက်ရှိလုပ်ငန်းများ ပိုမိုအခြေ ခိုင်မာစွာ လည်ပတ်နိုင်ပြီး ဒေသထုတ်ကုန်များ ထုတ်လုပ်မှု တိုးတက်လာစေရေး ကြိုးပမ်းကြစေ လိုပါကြောင်း ပြောကြားသည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြား ရာတွင်  မကွေးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ ဆီအိုးကြီးဖြစ်သည့်အားလျော်စွာ နိုင်ငံတော်က ဆီစက်လုပ်ငန်းဖွံ့ဖြိုးရေး အားပေးကူညီလျက်ရှိကြောင်း၊ မွေးမြူရေးပိုမိုအားကောင်းစေရန်လည်း ကြိုးပမ်းလျက်ရှိကြောင်း၊ MSME လုပ်ငန်းများကိုလည်း တန်ဖိုးမြှင့်ထုတ်လုပ်နိုင်စေရန် ဦးတည် ဆောင်ရွက်လျက်ရှိကြောင်း၊ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုလုပ်ငန်း အတွက် အခွင့်အလမ်းများစွာရှိကြောင်း၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းအတွက်လည်း ဆွဲဆောင်နိုင် သောနေရာများ ပေါများကြောင်း၊ အဆိုပါလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးပွားလာစေရန် ဆောင်ရွက်ရမည့် ကိစ္စရပ်များကိုလည်း ဆွေးနွေးပွဲတွင် ဝိုင်းဝန်းဆွေးနွေးအဖြေရှာခြင်းဖြင့် တိုင်းဒေသကြီး၏ လူမှုစီးပွားဖွံ့ဖြိုးလာစေရေး ကြိုးပမ်းကြစေလိုကြောင်း   ပြောကြားသည်။

ထို့နောက် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာကံဇော်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်များသည် မကွေးတိုင်းဒေသကြီး ဒေသထွက်ကုန်များ ခင်းကျင်းပြသထားသည့် ပြခန်းများသို့ လှည့်လည် ကြည့်ရှု၍ ရင်းရင်းနှီးနှီး အားပေးနှုတ်ဆက်ခဲ့ပါသည်။

အခမ်းအနားအစီအစဉ်အရ တာဝန်ရှိသူများက “မကွေးတိုင်းဒေသကြီး၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများ” ခေါင်းစဉ်ကို Power Point Presentation ဖြင့် ဆွေးနွေးပြောကြားရာ၌ မကွေးတိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးရေး၊ စက်မှုလက်မှု၊ ဟိုတယ်နှင့် ခရီးသွားလာရေး၊ ရေနံနှင့်သဘာဝဓာတ်ငွေ့၊ မွေးမြူရေးနှင့် ရေလုပ်ငန်း၊ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ် ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းများ၏ အလားအလာ ကောင်းများကို အချက် အလက်များဖြင့် တင်ပြသည်။ အစီအစဉ်အရ မကွေးတိုင်းဒေသကြီးအတွင်း အလျင်အမြန် ဖွံ့ဖြိုးတိုးတက်လာနိုင်သည့်  ဆီထွက် သီးနှံနှင့် ဝါစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ၊ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး ကဏ္ဍနှင့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍ တို့ကို အားပေးမြှင့်တင်နိုင်ရန် စကားဝိုင်း ဆွေးနွေးပွဲ ကို ဆက်လက်ကျင်းပရာ သက်ဆိုင်ရာ ကဏ္ဍများအလိုက် ကျွမ်းကျင်သူများက ပါဝင်ဆွေးနွေးကြပြီး တက်ရောက်လာသူများ၏ ‌မေးခွန်းများကို ပြန်လည်ဖြေကြားကြသည်။

အခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ မကွေးတိုင်းဒေသကြီးကုန်သည်များ နှင့် စက်မှုလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ အသင်းအဖွဲ့များမှ ဖိတ်ကြားထားသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ စုစုပေါင်းလူဦးရေ ၂၈၀ ခန့် တက်ရောက်ကြသည်။