ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးနှင့် MYANMAR-CHINA (JIANGSU) CHAMBER OF COMMERCE တို့က ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၏ ငလျင်ဘေးသင့်ဝန်ထမ်းများအတွက် လျှပ်စစ်ရေနွေးအိုး၊ လေအေး ပေးပန်ကာ၊ ဆိုလာမီးလုံး၊ စောင်၊ ခြင်ထောင်၊ ဖျာ၊ ဆပ်ပြာ၊ ခေါင်းလျှော်ရည်စသည့် လူသုံးကုန် ပစ္စည်း အမျိုးအစား (၈) မျိုးအား ယနေ့နံနက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ် ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁) သို့ လာရောက် လှူဒါန်းသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် က မိမိတို့ဝန်ကြီးဌာနရှိ ငလျင်ဘေးသင့် ဝန်ထမ်းများအတွက် လိုအပ်လျက်ရှိသော လူသုံးကုန်ပစ္စည်းများ လာရောက်လှူဒါန်းခြင်းအတွက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးနှင့် MYANMAR-CHINA (JIANGSU) CHAMBER OF COMMERCE တို့အား ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက လာရောက်လှူဒါန်းသော ထောက်ပံ့ရေးပစ္စည်းများအားလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ခဲ့သည်။
ယမန်နေ့ မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံဆီကုန်သည်များနှင့်ဆီလုပ်ငန်းရှင်များ အသင်းက ဝန်ကြီးဌာနရှိ ငလျင်ဘေးသင့်ဝန်ထမ်းများအတွက် အလှူငွေများ လာရောက်လှူဒါန်းခဲ့ရာ ပြည်ထောင်စုဝန်ကြီးက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။