MIFER ဆောင်ရွက်ချက်များ



နေပြည်တော်၊ ဇန်နဝါရီလ ၁၀ ရက်
    ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ ဆောင်ပုဒ်ဖြစ်သည့် “Revitalize MIFER 2022” နှင့်အညီ Green MIFER စီမံချက်ကို ရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှု နှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁) ၌ Hybrid System (Physical + Virtual) စနစ်ဖြင့် ကျင်းပခဲ့ပါသည်။
    အစည်းအဝေးကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီးက ဦးဆောင်၍ ပြည်ထောင်စုဝန်ကြီးရုံး၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (ရုံးချုပ်) နှင့် တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများ နှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
    အစည်းအဝေးတွင် ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် Green MIFER စီမံချက် ကို စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်ပန်းတိုင် (SDGs) နှင့်အညီ ရေးဆွဲထားခြင်း ဖြစ်ပါကြောင်းနှင့် စီမံချက်အကောင်အထည်ဖော်ရာတွင် တိုင်းတာနိုင်မည့် ညွှန်ကိန်းများ၊ ဘဏ္ဍာငွေ (Budget) ရရှိနိုင်မှုအခြေအနေနှင့် တစ်ဉီးချင်းစီအလိုက် လိုက်နာဆောင်ရွက်ရမည့် အချက် များနှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားပါသည်။
    အစည်းအဝေးတွင် အမြဲတမ်းအတွင်းဝန်က ယခုနှစ်အတွက် ဝန်ကြီးဌာနဆောင်ပုဒ်အဖြစ် “Revitalize MIFER 2022” ကို သတ်မှတ်ထားပါကြောင်း၊ ဆောင်ပုဒ်နှင့်အညီ အကောင်အထည် ဖော်နိုင်ရန် ရည်ရွယ်၍ Green MIFER စီမံချက်ကို ရေးဆွဲခြင်း ဖြစ်ပါကြောင်း၊ အဆိုပါစီမံချက်တွင် မြန်မာနိုင်ငံရာသီဥတု ပြောင်းလဲမှုဆိုင်ရာ မူဝါဒနှင့်အညီ အားလုံးပါဝင်သည့် ရာသီဥတု ပြောင်းလဲမှုကို တုံ့ပြန်ရန်နှင့် လိုက်လျောညီထွေဖြစ်စေရန် ထိရောက်သော အစီအမံများနှင့် လုပ်ငန်းစဉ်များ ကို ထည့်သွင်းရေးဆွဲထားပါကြောင်း ရှင်းလင်းပြောကြားပါသည်။
    ဆက်လက်၍ အမြဲတမ်းအတွင်းဝန်က Green MIFER စီမံချက်တွင် ဝန်ထမ်းတစ်ဦးချင်း အနေဖြင့် လုပ်ဆောင်နိုင်သည့် အလေ့အကျင့်များ၊ ဌာနခွဲများနှင့် ဦးစီးဌာနများအနေဖြင့် ဆောင်ရွက်သင့်သည့် ပတ်ဝန်းကျင်ဆိုင်ရာ အလေ့အကျင့်ကောင်းကို ထည့်သွင်းရေးဆွဲထားသည့် အတွက် လိုက်နာဆောင်ရွက်စေလိုပါကြောင်း၊ သို့မှသာ မိမိတို့ဝန်ကြီးဌာန၏ ယခုနှစ် ဆောင်ပုဒ် ဖြစ်သည့် “Revitalize MIFER 2022” ကို အကောင်အထည် ဖော်နိုင်မည်ဖြစ်ပါကြောင်း၊ လက်ရှိ တွင် ကမ္ဘာ့ရာသီဥတု ပူနွေးလာသည့်အတွက် မိမိတို့တစ်ဦးချင်းမှစ၍ လိုက်နာကျင့်သုံးကြစေလိုပါကြောင်း၊ ဆောင်ရွက်မည့် လုပ်ငန်းစဉ် (မူကြမ်း) နှင့်စပ်လျဉ်း၍ Power Point ဖြင့် တင်ပြပြီး ဝန်ထမ်းများအားလုံးမှ ပြန်လည်အကြံပြုတင်ပြရန် ပြောကြားပါသည်။
    ဆက်လက်၍ အစည်းအဝေး တက်ရောက်လာကြသူများက Green MIFER စီမံချက် အကောင်အထည်ဖော်နိုင်ရေး ကာလတို၊ ကာလလတ် လုပ်ဆောင်ချက်များနှင့် စပ်လျဉ်း၍ အကြံပြု ဆွေးနွေးခဲ့ကြပါသည်။