MIFER ဆောင်ရွက်ချက်များ

နေပြည်တော်ဒီဇင်ဘာလ၅ရက်နေ့

ဒုတိယအကြိမ် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှုစကားဝိုင်းဆွေးနွေးပွဲ၏ ဖွင့်ပွဲအခမ်းအနားကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန -၂ ၌ ကျင်းပခဲ့ရာ ဖွံ့ဖြိုးမှု အကူအညီများ ညှိနှိုင်းရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးသောင်းထွန်း တက်ရောက် အဖွင့်အမှာ စကားပြောကြားသည်။ 


အဆိုပါဖွင့်ပွဲ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ် များ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံဆိုင်ရာ သံအမတ် ကြီး များ၊ ဖွံ့ဖြိုးမှုမိတ်ဖက်နိုင်ငံများနှင့် အဖွဲ့အစည်းများက ကိုယ်စားလှယ်များ၊ ကုလသမဂ္ဂ ဆိုင်ရာ အဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပ အရပ်ဖက် လူမှုရေးအဖွဲ့အစည်းများနှင့် ဖိတ်ကြား ထားသူဉီးရေ စုစုပေါင်း (၅၀၀) ကျော် တက်ရောက်ကြသည်။

ဖွင့်ပွဲအခမ်းအနား၌ ပြည်ထောင်စုဝန်ကြီးက အမှာစကား ပြောကြားရာတွင် အစိုးရ အဖွဲ့အစည်းများ၊ ပုဂ္ဂလိကကဏ္ဍ ၊ အရပ်ဖက် လူမှုရေးအဖွဲ့အစည်းများနှင့် ဖွံ့ဖြိုး မိတ်ဖက်များ သည် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒချမှတ်ခြင်း၊ အကောင်အထည် ဖော်ခြင်း၊ လုပ်ငန်းစဉ်များတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်သည်ကို အသိအမှတ်ပြုပါ ကြောင်း၊ ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်၊  ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ၊ ဗြိတိန်နိုင်ငံ၏ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးမှုဌာန၊ ဂျာမန် ဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ၊ ဥရောပ သမဂ္ဂ၊ ကိုရီးယား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အေဂျင်စီ၊ အီတလီ နိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပြင်သစ်နိုင်ငံ၊ ဩစတြေးလျနိုင်ငံ တို့အပါအဝင် ဖွံ့ဖြိုးမှုမိတ်ဖက် နိုင်ငံများ၊ ကုလသမဂ္ဂ နှင့် အပြည်ပြည်ဆိုင်ရာ လူမှု အဖွဲ့အစည်းတို့က မြန်မာနိုင်ငံ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် စဉ်ဆက်မပြတ် အကူအညီပေးနေမှုနှင့် အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်ရန်အတွက်ကိုပါ သံဓိဌာန် ချထားမှုများအတွက် အထူးပင် ကျေးဇူးတင်ရှိပါ ကြောင်း ပြောကြားသည်။


ယနေ့ကျင်းပသည့် စားပွဲဝိုင်းဆွေးနွေးပွဲသည် ထိရောက်သော ဖွံ့ဖြိုးမှု ပူးပေါင်း ဆောင်ရွက်ရေးအတွက် အရေးကြီးသော လုပ်ငန်းစဉ် တစ်ခုဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှုများတွင် ပုဂ္ဂလိက၊ အစိုးရ၊ ပြည်တွင်းပြည်ပအရပ်ဖက် လူ့အဖွဲ့ အစည်းများ၊  ဖွံ့ဖြိုးမှုမိတ်ဖက်များ၏  ပူးပေါင်းဆောင်ရွက်မှုများကြောင့်သာ အောင်မြင်မှုများ ရရှိလာခြင်းဖြစ်ကြောင်း၊ ဖွံ့ဖြိုးမှုအကူအညီများထိရောက်စွာ ရယူနိုင်ရေး ဆောင်ရွက်ရသည့် နည်းလမ်းများ စည်းမျဉ်းစည်းကမ်းများသည် သီအိုရီ သဘောအရ လွယ်ကူ ဟန်ရှိသော်လည်း လက်တွေ့အကောင်အထည်ဖော်ရာတွင် အခက်အခဲများ ရှိနိုင်ကြောင်း၊ မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ၂၀၂၀ ခုနှစ်တွင် ၆.၈ ရာခိုင်နှုန်းထိ ရှိနိုင်ကြောင်းကို အာရှဖွံ့ဖြိုးရေးဘဏ်က ခန့်မှန်းထားပြီး မြန်မာနိုင်ငံသည် ဒေသတွင်းတွင် အလျင်မြန်ဆုံး စီးပွားရေး ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံအဖြစ် သတ်မှတ်ထားပါကြောင်း၊ လူတစ်ဦးချင်း ဝင်ငွေမှာလည်း တိုးတက်လျက်ရှိသဖြင့် မြန်မာနိုင်ငံ၏ အဓိက စီးပွားရေးကဏ္ဍကြီးများကို ပြုပြင်ပြောင်းလဲခဲ့သည့် အကျိုးရလဒ်များကို ပြသရာရောက်ပါကြောင်း၊ မြန်မာနိုင်ငံ၏ အမျိုးသား မဟာဗျူဟာ စီမံကိန်းဖြစ်သော မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ ပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (MSDP) ကို အကောင်အထည်ဖော်လျက်ရှိပြီး၊ စီမံကိန်းဘဏ်၊  မြေယာဘဏ်နှင့်  အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ရေး စင်တာ တို့ဖြင့် အထောက်အကူ ပြုလျက်ရှိကြောင်း ပြောကြားသည်။

MSDP ၏ လမ်းညွှန်မှုအောက်မှ နိုင်ငံ၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှု အစီအစဉ်များကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခဲ့ရာတွင် ရင်းနှီးမြှုပ်နှံသူများအတွက် ကောင်းမွန်သည့် စီးပွားရေးဝန်းကျင်ဖြစ်အောင် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်ခဲ့ပါကြောင်း၊ MyCo အွန်လိုင်း ကုမ္ပဏီမှတ်ပုံတင် စနစ်ကို အောင်မြင်စွာ ထူထောင်နိုင်ခဲ့ခြင်းသည် သာဓက တစ်ခု ဖြစ်ပါကြောင်း၊ ထို့အတူ ဘဏ်တိုးနှုန်းလုပ်ငန်းဆိုင်ရာ ဖြေလျှော့ပေးမှုများ၊ အသက်အာမခံဈေးကွက်ကို ၁၀၀ ရာခိုင်နှုန်း နိုင်ငံခြားသားပိုင် လုပ်ငန်းများ သို့ ဆောင်ရွက်ခွင့်ပြုခြင်း၊ ပြည်ပဘဏ်များအား ဝန်ဆောင်မှုများ တိုးချဲ့လုပ်ကိုင်နိုင်ရန် ခွင့်ပြုခဲ့ သလို မြေယာဘဏ် စနစ်ကို ကြံဆလုပ်ဆောင်ခဲ့ခြင်းဖြင့် ရင်းနှီးမြှုပ်နှံမှု တွင် အဓိကကျသည့် မြေရရှိရေးအတွက်လည်း ဖြေရှင်းဆောင်ရွက်ခဲ့ကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက အစိုးရအနေနှင့် အမျိုးသားကျန်းမာရေးစီမံချက် (၂၀၁၇-၂၀၂၁) ကို ရေးဆွဲဆောင်ရွက်ခဲ့ခြင်းကြောင့် လွန်ခဲ့သော ဆယ်စုနှစ်အတွင်း ယခင်က ငှက်ဖျားရောဂါ ဖြစ်ပွားသူ ၇၀၀၀၀၀ ရှိရာမှ ယခုအခါ ၇၅၀၀ ခန့်သာ ရှိတော့သဖြင့် ဖြစ်ပွားမှုကို ၉၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့ပါကြောင်း၊ ထို့အတူ HIV/AIDS ရောဂါကူးစက်သူများသို့ ဆေးဝါး ဖြန့်ဖြူးမှု ပေးနိုင်မှုမှာလည်း ၂၀၁၀ ခုနှစ်က ၁၄ ရာခိုင်နှုန်းသာရှိခဲ့ရာမှ  ယခုအခါ ၈၅ ရာခိုင်နှုန်းအထိ တိုးတက်ဖြန့်ဖြူးပေးနိုင်ပြီ ဖြစ်ပါကြောင်း၊ ထို့ပြင် နိုင်ငံတကာ အဖွဲ့အစည်း များ၏ အကူအညီဖြင့် အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသော ကိုယ်ဝန်ဆောင်ချိန်မှ မွေးဖွားပြီး (၂)နှစ်အထိ လူသားဘဝအစ ရက်ပေါင်း ၁၀၀၀ ကာလအတွင်း အာဟာရ ပညာပေးခြင်းနှင့် ငွေကြေးထောက်ပံ့ခြင်း စီမံချက်ဖြင့် ကိုယ်ဝန်ဆောင်အမျိုးသမီး ၂၅၀၀၀၀ အား လစဉ် ငွေကြေးထောက်ပံ့မှု ပေးနိုင်ခဲ့သောကြောင့် မိခင်ကိုယ်တိုင်နှင့် ကလေး၏ ကျန်းမာရေးကိုပါ စောင့်ရှောက်ပေးနိုင်ခဲ့ပါကြောင်း၊ ထို့ပြင် နိုင်ငံတကာ ဖွံ့ဖြိုးမှု မိတ်ဖက်များ၏ အကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကဏ္ဍပေါင်းစုံပါဝင်သော  အမျိုးသား အာဟာရဆိုင်ရာ  ၅ နှစ် စီမံကိန်း (၂၀၁၈-၂၀၂၂) ၏ အောင်မြင်မှုများကိုလည်း ယခုအခါ မြင်တွေ့နေရပြီ ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး စတင်သည့် အချိန်မှစ၍ ပထမဉီးဆုံးသော ကဏ္ဍစီမံကိန်းအဖြစ် အမျိုးသမီးများဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ အမျိုးသား အဆင့် မဟာဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂) ကို ရေးဆွဲ ဆောင်ရွက်နိုင်ခဲ့သဖြင့် အမျိုးသမီးများ အပေါ်  အကြမ်းဖက်မှုတားဆီးကာကွယ်ခြင်း၊ တုံ့ပြန် ဆောင်ရွက်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ တိုးတက်အားကောင်းလာအောင် ဆောင်ရွက်နိုင်ခဲ့သလို အကူအညီပေးရေး စင်တာများ၊ အခမဲ့ နှစ်သိမ့်ဆွေးနွေးခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ၊ အသက်မွေးဝမ်း ကျောင်း ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများကို ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ အမျိုးသမီးများ အကြမ်းဖက်ခံရခြင်းမှ ကာကွယ်ပေးရေး ဥပဒေကြမ်းကို ရေးဆွဲဆောင်ရွက်လျက်ရှိပြီး ကလေးသူငယ်များအခွင့်အရေးများဆိုင်ရာ ဉပဒေကို ပြဌာန်းနိုင်ခဲ့သဖြင့် ပဋိပက္ခအတွင်း ကလေးများ အကြမ်းဖက်ခံရမှုကို ကာကွယ်မည့် လုပ်ငန်းစဉ်များ ပါဝင်ခဲ့ပါကြောင်း၊ ကျားမ တန်းတူညီမျှရေး၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ချက်များသည် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း အကောင် အထည်ဖော်ရေး လုပ်ငန်းစဉ်အတွင်း အောင်မြင်မှုများနှင့်အတူ ကျွဲကူးရေပါ ဆိုသလို တိုးတက် မြင့်မားလာမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် မြန်မာ့အမျိုးသားဖွံ့ဖြိုးတိုးတက်မှု ဉီးစားပေးလုပ်ငန်းများကို အထောက် အကူပြုသည့် ပူးပေါင်းဆောင်ရွက်ရေးအကူအညီများနှင့်စပ်လျဉ်း၍ စကားဝိုင်းဆွေးနွေးပွဲ အစီအစဉ်များကို ဆက်လက်ကျင်းပခဲ့ရာ အစီအစဉ် ၁ အနေဖြင့် Coordinating assistance in Support of Myanmar’s National Development Priorities ခေါင်းစဉ်ဖြင့် လည်းကောင်း ၊ အစီအစဉ် ၂ အနေဖြင့် Mainstreaming the Myanmar Sustainable Development Plan ခေါင်းစဉ်ဖြင့် လည်းကောင်း ဆွေးနွေးကြသည်။

ယင်းနောက် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသောင်းထွန်းက နိဂုံးချုပ်အမှာစကားကို ပြောကြားပြီး ဆွေးနွေးပွဲကို ရုပ်သိမ်းလိုက်သည်။