MIFER ဆောင်ရွက်ချက်များ



(နေပြည်တော်၊ မတ် ၇ )
    ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ မျှော်မှန်းချက်နှင့် လုပ်ငန်းစဉ်များကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် လက်ရှိဆောင်ရွက်နေမှု နှင့် အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ဖွယ်ရာများနှင့် စပ်လျဉ်း၍ ဝန်ထမ်းများ၏ သဘောထား အမြင် စစ်တမ်း (MIFER Employee Perception Survey ) ရှင်းလင်းဆွေးနွေးသည့် အစီအစဉ်ကို ယနေ့ နံနက်ပိုင်း တွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁) ၊ နေပြည်တော်၌ ပြုလုပ်ခဲ့ရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက် အမှာစကားပြောကြားခဲ့သည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ၂၀၂၂ ခုနှစ် မှစ၍  ဝန်ကြီးဌာနရှိ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်နှင့် လုပ်ကိုင်နိုင်စွမ်း တိုးတက်လာစေရန်နှင့် ဝန်ထမ်း(၁)ဦးစီ၏ စိတ်ဓာတ်ရေး ရာနှင့် စိတ်ခံစားချက်များကို မှန်မှန်ကန်ကန်သိရှိပြီး ဝန်ကြီးဌာနကို ပြန်လည် နိုးကြားတက်ကြွပြီး အားကောင်းသောဝန်ကြီးဌာန (Revitalize MIFER 2022) အဖြစ် ရှေ့ဆက်သွားရန် ရည်ရွယ်၍ ဝန်ထမ်းများ၏ သဘောထား ဆန်းစစ်ချက်စစ်တမ်း (MIFER Employee Perception Survey ) ကို ကောက်ယူခဲ့ခြင်းဖြစ်ကြောင်း၊ MIFER သည် စီးပွားရေးနှင့် ဖွံ့ဖြိုးမှုအသိုက်အဝန်းမှ ယုံကြည်ရသည့် မိတ်ဖက်ဖြစ်စေရေးအတွက် လုပ်ငန်းစဉ်များချမှတ်၍ Revitalize MIFER ဖြစ်စေရန် တည်ဆောက် သွားမည်ဖြစ်ကြောင်း၊ ကောက်ယူခဲ့သည့် ဆန်းစစ်ချက်ရလဒ်များအရ MIFER ဝန်ထမ်းများသည်  မိမိတို့ထမ်းဆောင်ရသည့် လုပ်ငန်းတာဝန်များအပေါ် အကောင်းဆုံးဆောင်ရွက်ကြပြီး အပြု သဘောဆောင်သည့် ခံယူချက်များရှိသည်ကို တွေ့ရှိရကြောင်း၊ ဝန်ကြီးဌာန ပြုပြင်ပြောင်းလဲရေး (Reform) လုပ်ဆောင်ရာတွင် ဝန်ထမ်းများအားလုံး မိမိတို့တာဝန်ထမ်းဆောင်နေသည့် ဌာနအပေါ် ချစ်ခင်မြတ်နိုး ဂုဏ်ယူသည့်စိတ်ရှိစေရန် ဦးစားပေးတည်ဆောက်ရေးသည် အရေးကြီးကြောင်း၊ ဝန်ထမ်းများ၏ သဘောထားဆန်းစစ်ချက် ရလဒ်များအပေါ် အခြေခံ၍ လိုအပ်သည့်ပြုပြင် ပြောင်းလဲရေး (Reform)  ပြုလုပ်နိုင်ရန်ဌာနအလိုက် Action Plan များ ချမှတ်ရေးဆွဲရန် တိုက်တွန်း ပါကြောင်း၊  မိမိတို့ MIFER ဝန်ထမ်းများအားလုံး “ လုပ်ငန်းခွင်ပျော်၍ အလုပ်တော်စေရမည်” ဖြစ် ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာဝါဝါမောင် က ဝန်ကြီးဌာနရှိ ဝန်ထမ်းများ၏ သဘောထားအမြင် ဆန်းစစ်ချက် စစ်တမ်း ရလဒ်များအပေါ် ရှင်းလင်းဆွေးနွေးတင်ပြပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန နှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များက ဆက်လက် ဆွေးနွေးတင်ပြကြပါသည်။
ထို့နောက် ဒုတိယဝန်ကြီးက ဝန်ထမ်းများ၏ သဘောထားအမြင် ဆန်းစစ်ချက်ရလဒ် တင်ပြ ချက်များအပေါ် ဖြည့်စွက် ဆွေးနွေးခဲ့၍ ပြည်ထောင်စုဝန်ကြီးက ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား လမ်းညွှန်မှာကြားခဲ့သည်။  
ဆွေးနွေးပွဲအစီအစဉ်သို့ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ညွှန်ကြားရေးမှူးများနှင့် ဒုတိယညွှန်ကြားရေးမှူးများ ပါဝင်တက်ရောက်ခဲ့ကြပါသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနရှိ ဝန်ထမ်းများ၏ သဘောထား အမြင်စစ်တမ်း (MIFER Employee Perception Survey ) ကို ဌာနအပေါ်ထားရှိသည့် ဝန်ထမ်းများ၏ သဘောထားနှင့် ခံယူချက်များအား သိသာနိုင်စေရန်၊  အဆိုပါ သဘောထားနှင့် ခံယူချက်များအပေါ် မူတည်၍ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအတွက် ထည့်သွင်းစဉ်းစား ရမည့်အချက်များ ရရှိနိုင် ရန်နှင့် ဝန်ကြီးဌာနနှင့် ဦးစီးဌာနများ၏ အားနည်းချက်၊ အားသာချက်များအား သိရှိပြီး ပြုပြင်ပြောင်းလဲဆောင်ရွက်ခြင်းအားဖြင့် ပိုမိုစွမ်းဆောင်ရည်မြင့်မားသည့် အဖွဲ့အစည်းတစ်ရပ် ဖြစ်စေရန် ရည်ရွယ်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။