၀န်ကြီးဌာနသတင်းများ



နေပြည်တော်၊ နိုဝင်ဘာလ ၃၀ ရက်
ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ် (စီအယ်လ်အမ်ဗွီ) နိုင်ငံတို့အတွက် ဆောင်ရွက်မည့် စီအယ်လ်အမ်ဗွီ ဖွံ့ဖြိုးတိုးတက်မှုမူဘောင် (Framework for CLMV Development) ကို အကောင်အထည်ဖော်မည့် လုပ်ငန်းအစီအစဉ်ရေးဆွဲရေးနှင့် စပ်လျဉ်းသည့်  အမျိုးသားအဆင့် ဆွေးနွေးညှိနှိုင်းပွဲအတွက် အကြိုညှိနှိုင်းအစည်းအဝေးကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊   မြန်မာနိုင်ငံ၏ စီအယ်လ်အမ်ဗွီ အဆင့်မြင့်စီးပွားရေးအရာရှိ ဒေါက်တာဝါဝါမောင်က ဦးဆောင်၍ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့၊ နေ့လည် (၂း၀၀) နာရီတွင်  ရုံးအမှတ်(၁)၊  နေပြည်တော်၌ ကျင်းပခဲ့ရာ ဘာသာရပ် ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပုဂ္ဂလိကကဏ္ဍ၊ အဖွဲ့အစည်းများမှ Focal Person များနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
အစည်းအဝေး၌ အမြဲတမ်းအတွင်းဝန်က စီအယ်လ်အမ်ဗွီ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု သမိုင်းကြောင်း၊ စီအယ်လ်အမ်ဗွီဖွံ့ဖြိုးတိုးတက်မှုမူဘောင်ရေးဆွဲခဲ့ခြင်းနှင့် ယင်းမူဘောင်တွင်  အကောင် အထည်ဖော်ရန် ချမှတ်ထားသည့် ကိစ္စရပ်များ၊ စီအယ်လ်အမ်ဗွီဖွံ့ဖြိုးတိုးတက်မှု မူဘောင်ကို အကောင်အထည်ဖော်မည့် လုပ်ငန်းအစီအစဉ် ရေးဆွဲရေးအတွက် ဆက်လက် ဆောင်ရွက်မည့်ကိစ္စရပ် များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။
စီအယ်လ်အမ်ဗွီဖွံ့ဖြိုးတိုးတက်မှုမူဘောင် (၂၀၂၀-၂၀၃၀) ကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့ တွင် ကျင်းပခဲ့သော (၁၀) ကြိမ်မြောက် စီအယ်လ်အမ်ဗွီထိပ်သီးအစည်းအဝေးတွင် နိုင်ငံ့ ခေါင်းဆောင်များက အတည်ပြုခဲ့သည်။ အဆိုပါမူဘောင်သည် စီအယ်လ်အမ်ဗွီနိုင်ငံများအား ၂၀၃၀ ပြည့်နှစ်တွင် ရေရှည်တည်တံ့ပြီးမြင့်မားသည့် အလယ်အလတ်အဆင့်ဝင်ငွေရှိသည့် နိုင်ငံ များ ဖြစ်ပေါ်စေရန် ရည်မှန်းထားသည်။ ထိုရည်မှန်းချက်အောင်မြင်စေရန် စီအယ်လ်အမ်ဗွီနိုင်ငံ များသည်  ပို့ဆောင်ဆက်သွယ်ရေးနှင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး၊ ထောက်ပံ့ ပို့ဆောင်ရေး၊ အင်တာနက်ကွန်ယက်ကောင်းမွန်ရေး၊ ဒစ်ဂျစ်တယ် အသုံးပြုမှုတိုးတက်စေရေး၊ ငွေရေး ကြေးရေးဝန်ဆောင်မှုလုပ်ငန်းများ တိုးတက်စေရေး၊ အဖွဲ့အစည်းများ ခိုင်မာ အားကောင်းရေး၊ ကျွမ်းကျင် လုပ်သားရရှိရေး၊ လျှပ်စစ်သုံးစွဲနိုင်မှုမြင့်တက်ရေး၊ စိုက်ပျိုးရေးနှင့်အစားအစာ၊ ခရီးသွားလာမှု ကဏ္ဍတို့ကဲ့သို့ နှိုင်းယှဉ်အကျိုးကျေးဇူးများသည့် ကဏ္ဍများကို အလေးထား ဆောင်ရွက်ရေး တို့ကို ဆောင်ရွက်မည်ဖြစ်သည်။
စီအယ်လ်အမ်ဗွီဖွံ့ဖြိုးတိုးတက်မှုမူဘောင်ကို အကောင်အထည်ဖော်မည့် လုပ်ငန်းအစီ အစဉ်ရေးဆွဲနိုင်ရေးအတွက်  မဲခေါင်သိပ္ပံမှ ဦးဆောင်၍ အမျိုးသားအဆင့်နှင့် ဒေသတွင်းအဆင့် အလုပ်ရုံ ဆွေးနွေးပွဲများကျင်းပဆောင်ရွက်သွားမည်ဖြစ်ပြီး  ယင်းလုပ်ငန်းအစီအစဉ်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအကုန်တွင် အပြီးသတ်ရေးဆွဲနိုင်ရန် မျှော်မှန်းထားပါသည်။ မြန်မာနိုင်ငံအတွက် စီအယ်လ်အမ်ဗွီဖွံ့ဖြိုးတိုးတက်မှုမူဘောင်ကို အကောင်အထည်ဖော်မည့် လုပ်ငန်းအစီအစဉ် ရေးဆွဲရေးဆိုင်ရာ အမျိုးသားအဆင့်ဆွေးနွေးညှိနှိုင်းမှု (National Consultations) ကို ၂၀၂၁ ခု နှစ်၊ ဒီဇင်ဘာ လ ၁ ရက်နေ့တွင် မဲခေါင်သိပ္ပံမှ ဦးဆောင်၍ ဆက်လက်ကျင်းပမည်ဖြစ်သည်။
အဆိုပါ ဆွေးနွေးညှိနှိုင်းမှုကို အထောက်အကူပြုရေးအတွက် ယခုအကြိုညှိနှိုင်း အစည်းအဝေးကို ကျင်းပခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ်အတွင်း စီအယ်လ်အမ်ဗွီ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု၌ အလှည့်ကျသဘာပတိအဖြစ် ဆောင်ရွက်လျက်ရှိသည့် အားလျော်စွာ မြန်မာနိုင်ငံက  ဦးဆောင်၍ မဲခေါင်သိပ္ပံ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ ပုဂ္ဂလိက ကဏ္ဍ အပါအဝင် အကျိုးသက်ဆိုင်သူများ(Stakeholders) နှင့် နီးကပ်စွာ ပူးပေါင်း ဆောင်ရွက် ရမည်ဖြစ်၍ ဘာသာရပ်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများအနေဖြင့်လည်း တက်ကြွစွာ ပူးပေါင်း ပါဝင်ပေးသွားရန် တိုက်တွန်းပြောကြားခဲ့ပါသည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာသူများက စီအယ်လ်အမ်ဗွီဖွံ့ဖြိုးတိုးတက်မှု မူဘောင်ကို အကောင်အထည်ဖော်မည့် လုပ်ငန်းအစီအစဉ်ရေးဆွဲမှုနှင့်စပ်လျဉ်းပြီး သိလိုသည့် အချက်အလက် များကို မေးမြန်းခဲ့ရာ အမြဲတမ်းအတွင်းဝန်က ပြန်လည်ရှင်းလင်းပြောကြားခဲ့ပါသည်။ အစည်းအဝေးကို   ညနေ (၄:၁၀) နာရီတွင် ရုပ်သိမ်းခဲ့သည်။