၀န်ကြီးဌာနသတင်းများ


နေပြည်တော်၊ ဖေဖော်ဝါရီလ ၂၁ ရက်
မြန်မာနိုင်ငံ၏အာဆီယံအဆင့်မြင့်စီးပွားရေးအရာရှိဖြစ်သူ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာဝါဝါမောင်သည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ ၂၄ ရက်နေ့အထိ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် အာဆီယံ အဆင့်မြင့် စီးပွားရေးအရာရှိများ၏ (၁/၅၃) ကြိမ်မြောက်အစည်းအဝေးသို့ တက်ရောက်သည်။
အစည်းအဝေးသဘာပတိအဖြစ် ကမ္ဘောဒီးယားနိုင်ငံ၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးဌာန၊ ညွှန်ကြားရေးမှူးချုပ် Mr. Rath Saravuth  ကဆောင်ရွက်ပြီး၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ အဆင့်မြင့်စီးပွားရေးအရာရှိများနှင့် ကိုယ်စားလှယ်များ၊ အာဆီယံ အတွင်းရေးမှူးချုပ် ရုံးမှ  တာဝန်ရှိသူများ ပါဝင်တက်ရောက်ကြသည်။
အစည်းအဝေးတွင် အဆင့်မြင့်စီးပွားရေးအရာရှိများက ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတွင် ကျင်းပခဲ့သည့် အာဆီယံအဆင့်မြင့်စီးပွားရေးအရာရှိများ သီးသန့်အစည်းအဝေး၏ ဆက်လက် ဆောင်ရွက်ရန် ကိစ္စရပ်များ၊ ၂၀၂၂ ခုနှစ် ကမ္ဘောဒီးယားနိုင်ငံ အာဆီယံ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေစဉ် ဦးစားပေး ဆောင်ရွက်မည့် စီးပွားရေးဆိုင်ရာလုပ်ငန်းစဉ်များ၊ ၂၀၂၂ ခုနှစ် အတွင်း ဦးစားပေးဆောင်ရွက်မည့် အေအီးစီလုပ်ငန်းစဉ်များ၊  အာဆီယံဘက်စုံပြန်လည် ထူထောင်ရေး မူဘောင် အကောင်အထည်ဖော်မှု၊ အနာဂတ်တွင် ချုပ်ဆိုမည့် အာဆီယံ စီးပွားရေးဆိုင်ရာ သဘောတူစာချုပ်များ အသက်ဝင်မှုလျင်မြန် စေရေးအတွက် သက်ဆိုင်ရာ လုပ်ငန်းအဖွဲ့၏ ဆွေးနွေးမှုများ၊ အာဆီယံစီးပွားရေးအရာရှိများမှ တင်ပြသည့် အစီရင်ခံစာ၊ အာဆီယံကုန်စည်ကုန်သွယ်ရေးသဘောတူစာချုပ် အဆင့်မြှင့်တင်ရေး၊  အာဆီယံ-အိန္ဒိယ ကုန်စည်ကုန်သွယ်‌ရေး သဘောတူစာချုပ် အဆင့်မြှင့်တင်ရေး၊ အာဆီယံ-သြစတြေးလျ၊နယူးဇီလန် နှင့် အာဆီယံ-တရုတ် အာဆီယံ လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ်များ အဆင့်မြှင့်တင်မှုညှိနှိုင်းခြင်း၊ အာဆီယံ-ကနေဒါ လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ် ညှိနှိုင်းရေးနှင့် ၂၈ ကြိမ်မြောက်အာဆီယံစီးပွားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးအတွက် ပြင်ဆင်မှုများကို ဆွေးနွေးကြသည်။
အစည်းအဝေးသို့ အမြဲတမ်းအတွင်းဝန်နှင့်အတူ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများလည်း တက်ရောက်ကြသည်။