၀န်ကြီးဌာနသတင်းများ

အာဆီယံ-ဩစတြေးလျ၊ နယူးဇီလန် လွတ်လပ်သော ကုန်သွယ်မှုဒေသ ထူထောင်ခြင်းဆိုင်ရာ သဘောတူစာချုပ် အဆင့်မြှင့်တင်ခြင်းနှင့်စပ်လျဉ်း၍ အာဆီယံစီးပွားရေးဝန်ကြီးများ၏ အထူး အစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့တွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့ရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ကိုယ်စား ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင် ပါဝင်တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် ကမ္ဘောဒီးယားနိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး H.E. Pan Sorasak က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး အာဆီယံစီးပွားရေးဝန်ကြီးများနှင့် ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် အာဆီယံ-ဩစတြေးလျ၊ နယူးဇီလန် ညှိနှိုင်းရေးမှူးဖြစ်သူ ဘရူနိုင်းနိုင်ငံ၊ ဘဏ္ဍာရေးနှင့် စီးပွားရေးဝန်ကြီးဌာန၊ ဝန်ကြီးချုပ်ရုံးနှင့် ဘဏ္ဍာရေးနှင့် စီးပွားရေးဝန်ကြီး H.E. Dato Dr. Amin Liew Abdullah က အာဆီယံ-ဩစတြေးလျ၊ နယူးဇီလန် လွတ်လပ်သော ကုန်သွယ်မှုဒေသ ထူထောင်ခြင်းဆိုင်ရာ သဘောတူစာချုပ် အဆင့်မြှင့်တင်ခြင်း ညှိနှိုင်းမှုများနှင့် စပ်လျဉ်း၍ ဖြစ်ပေါ်တိုးတက်မှုအခြေအနေနှင့် ညှိနှိုင်းမှုများအား ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတွင် အပြီးသတ်နိုင်ရေးအတွက် တွေ့ကြုံနေရသည့် စိန်ခေါ်မှုများကို အစည်းအဝေးသို့ တင်ပြခဲ့သည်။ သဘောတူစာချုပ် အဆင့်မြှင့်တင်ရေး ညှိနှိုင်းမှုများတွင် ဆွေးနွေးရန်ကျန်ရှိသည့် ကိစ္စရပ်များအပေါ် ဝန်ကြီးများက အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပြီး သက်ဆိုင်ရာ ကော်မတီများမှ ရှေ့ဆက် ဆွေးနွေးနိုင်ရေးအတွက် မူဝါဒဆိုင်ရာ လမ်းညွှန်မှုပေးခဲ့သည်။ ထို့ပြင် စေ့စပ်ညှိနှိုင်းမှုများတွင် ညှိနှိုင်းရေးမှူးများ လိုက်နာရမည့် စည်းမျဉ်းများကို ဝန်ကြီးများက အတည်ပြုခဲ့ကြသည်။

အစည်းအဝေးသို့ ဒုတိယဝန်ကြီးနှင့်အတူ ဘာသာရပ်ဆိုင်ရာဌာနများဖြစ်သည့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနနှင့် ကုန်သွယ်ရေး ဦးစီးဌာနတို့မှ တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့သည်။