၀န်ကြီးဌာနသတင်းများ

အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ မြန်မာအဆင့်မြင့် ကိုယ်စားလှယ်၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင် ခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာ မြို့တွင် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့မှ ၂၇ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံ အသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့၏ (၈)ကြိမ်မြောက်အစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဇော်စိုးနှင့် အရာထမ်းတစ်ဦး လိုက်ပါတက်ရောက်ခဲ့ပါသည်။

အစည်းအဝေးကို အာဆီယံဥက္ကဋ္ဌဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံ ထင်ပေါ်ကျော်ကြားပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီး၏ ဦးစားပေးလုပ်ငန်းစဉ်များဆိုင်ရာ အကြံပေးပုဂ္ဂိုလ် Mr. Dian Triansyah Djani နှင့် အာဆီယံအသိုက်အဝန်းမျှော်မှန်းချက်စာတမ်းရေးဆွဲရေးဆိုင်ရာ အမြဲတမ်း ဦးဆောင် အဖွဲ့ဝင် မလေးရှားနိုင်ငံ၏ ထင်ပေါ်ကျော်ကြားပုဂ္ဂိုလ်နှင့် အငြိမ်းစား သံအမတ်ကြီး Mr. Dato Zainuddin Yahya တို့က ပူးတွဲဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ကြပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် လေ့လာသူ တီမောလက်စ်တေနိုင်ငံတို့မှ ထင်ပေါ်ကျော်ကြားပုဂ္ဂိုလ်များ၊ အဆင့်မြင့် ကိုယ်စား လှယ်များနှင့် တာဝန်ရှိသူများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ဒုတိယအတွင်းရေးမှူးချုပ်နှင့် ကိုယ်စားလှယ်များ စုစုပေါင်း(၇၀)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် အင်ဒိုနီးရှားနိုင်ငံ၊ ဘီလင်တွန်း၌ ကျင်းပခဲ့သည့် အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့၏ (၇)ကြိမ်မြောက် အစည်းအဝေး၏ အစီရင်ခံစာနှင့် ဆုံးဖြတ်ချက်များကို အတည်ပြုခဲ့ကြပြီး အာဆီယံအသိုက် အဝန်း ၂၀၂၅ ခုနှစ် အလွန်မျှော်မှန်းချက်စာတမ်းနှင့် နောက်ဆက်တွဲစာတမ်းများရေးဆွဲရေး အတွက်အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက်“တက်ကြွ၍ ကြံ့ခိုင်မှုရှိသော ပြည်သူ့ ဗဟိုပြုအာဆီယံ” ဆောင်ပုဒ်ဖြင့် ရေးသားပြုစုမည့် အာဆီယံမျှော်မှန်းချက်စာတမ်း ၂၀၄၅ မူကြမ်းပါ အချက်များကို ဆက်လက် ဆွေးနွေးခဲ့ကြပါသည်။

ဒုတိယဝန်ကြီးက အာဆီယံမျှော်မှန်းချက်စာတမ်း ၂၀၄၅ မူကြမ်းအား ရေးဆွဲတင်ပြခဲ့ခြင်း အတွက် ပူးတွဲဥက္ကဋ္ဌနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးအား ကျေးဇူးတင်ရှိကြောင်း၊ ယင်း အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက်စာတမ်းသည်  (၄၀)ကြိမ်နှင့်(၄၁)ကြိမ် မြောက် အာဆီယံထိပ်သီးအစည်းအဝေးက မှတ်တမ်းတင်ခဲ့သည့် အဓိကသဘောတရားများ (Core Elements)ကို အခြေခံသင့်ကြောင်း အလေးထားပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး မျှော်မှန်းချက်စာတမ်း မူကြမ်းရေးဆွဲရာတွင် အာဆီယံအသိုက်အဝန်း၏ အခြားမဏ္ဍိုင်(၂)ရပ် ဖြစ်သည့် အာဆီယံ စီးပွားရေး အသိုက်အဝန်းမဏ္ဍိုင်နှင့် အာဆီယံ လူမှု−ယဉ်ကျေးမှုအသိုက် အဝန်းမဏ္ဍိုင်တို့နှင့်လည်း ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးရန်လိုအပ်ကြောင်း အကြံပြု ဆွေးနွေးခဲ့ ပါသည်။ ထို့ပြင် အာဆီယံပဋိညာဉ် စာတမ်းနှင့် အာဆီယံ၏ အခြားစာချုပ်စာတမ်းများတွင် ပြဋ္ဌာန်းထားသည့် အခြေခံမူများ၊ စံနှုန်းများ၊ ရည်ရွယ်ချက်များကို လေးစားလိုက်နာခြင်းသည် ဒေသတွင်း မတူညီကွဲပြားမှုများအကြား စည်းလုံးညီညွှတ်မှုရှိစေနိုင်မည်ဖြစ်ကြောင်း၊ အာဆီယံ ကို နိုင်ငံတကာမှ အသိအမှတ်ပြုရသည့် အဖွဲ့အစည်းအဖြစ် ဆက်လက်ထိန်းသိမ်းနိုင်ရန် ဖြစ် ကြောင်း ဆွေးနွေးခဲ့ပါသည်။

အဆိုပါ မျှော်မှန်းချက်စာတမ်းကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလတွင် ပြုလုပ်မည့် အာဆီယံ ထိပ်သီးအစည်းအဝေးသို့ အချိန်မီ တင်ပြရန်  အပြီးသတ်ရေးဆွဲမည့်လမ်းစဉ်များကို အဖွဲ့ဝင်နိုင်ငံ များအကြား ဆက်လက် ဆွေးနွေး ဆောင်ရွက်ရန်ရှိကြောင်း သိရှိရပါသည်။

ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန

ရက်စွဲ၊ ၂၀၂၃ ခုနှစ်၊ ဇွန်လ  ၂၉  ရက်