၀န်ကြီးဌာနသတင်းများ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်သည် ရန်ကုန်မြို့ရှိ အိန္ဒိယနိုင်ငံသံရုံးမှ ဒုတိယအကြီးအကဲ Ms. Nabanita Chakrabarti ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

လက်ခံတွေ့ဆုံစဉ် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ် များနှင့် အိန္ဒိယနိုင်ငံ၏ အကူအညီစီမံကိန်းများနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။ ထိုသို့ဆွေးနွေးရာတွင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ချုပ်ဆိုထားသော အသေးစားဖွံ့ဖြိုးမှုစီမံကိန်းများ (Small Development Projects) အကူအညီပေးရေးဆိုင်ရာ နားလည်မှုစာချွန်လွှာအောက်မှ အိန္ဒိယဘက်သို့ အဆိုပြုထားသည့် စီမံကိန်းများ၏ ဖြစ်ပေါ် တိုးတက်မှုအခြေအနေ၊ သက်ဆိုင်ရာဝန်ကြီးဌာနများက ထပ်တိုးအဆိုပြုရန်ရှိသည့် စီမံကိန်းများ နှင့် ၂၀၂၃ ခုနှစ်တွင် ဖြစ်ပွားခဲ့သော မိုခါမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးခဲ့သည့်ဒေသများ ပြန်လည် ထူထောင်ရေးဆိုင်ရာ စီမံကိန်းများ ထည့်သွင်းအဆိုပြုရေးနှင့်စပ်လျဉ်း၍ အသေးစိတ် ဆွေးနွေးခဲ့ကြ သည်။ ထိုသို့တွေ့ဆုံစဉ် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ကြသည်။

အသေးစားဖွံ့ဖြိုးမှုစီမံကိန်းများဆိုသည်မှာ အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှု အတွက် ကျန်းမာရေး၊ ပညာရေး၊ လူမှုအသိုက်အဝန်း တိုးတက်မှုကဏ္ဍများတွင် အချိန်တိုအတွင်း ထိရောက်စွာ အကောင်အထည်ဖော်နိုင်မည့် စီမံကိန်းများကို အမေရိကန်ဒေါ်လာ ၂ သန်းအောက် ပမာဏဖြင့် ဆောင်ရွက်နိုင်သည့် အကူအညီစီမံကိန်းများ (Grant Projects) ဖြစ်ပါကြောင်း သိရှိရပါ သည်။