၀န်ကြီးဌာနသတင်းများ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ထမ်းများ၏ လူ့စွမ်း အားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရန် ရည်ရွယ် သည့် Knowledge Sharing Programme (KSP) သောကြာနေ့စကားဝိုင်း (Friday Talk) ၏ အမှတ်စဉ် (၂၈) ဆွေးနွေးပွဲအဖြစ်    “တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဆင်းရဲ နွမ်းပါးမှုလျှော့ချရေးဆိုင်ရာ ဆောင်ရွက်ချက်များအား အသိပညာမျှဝေဆွေးနွေးခြင်း” ခေါင်းစဉ်ဖြင့် ယနေ့မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁) ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ   ကံဇော် တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက ယနေ့ဆွေးနွေးမျှဝေမည့် “တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ဆောင်ရွက်ချက်များ” သည် ဝန်ထမ်း များသိရှိ နားလည်ထားသင့်သည့် အကြောင်းအရာဖြစ်ပါကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးနှင့် ဆင်းရဲမှုလျှော့နည်းစေရေးအတွက် မူဝါဒပိုင်းဆိုင်ရာ ချိတ်ဆက်ဆောင်ရွက်နိုင်မှုနှင့် စဉ်ဆက်မပြတ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုသည် အဓိကအရေးကြီးသော အချက်များ ပင်ဖြစ်ပါကြောင်း၊ ပြည်သူများ၏ လူမှုစီးပွားဖွံဖြိုးတိုးတက်စေရန်အတွက် နိုင်ငံတော်မှ မူဝါဒများချမှတ်၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် လုပ်အား၊ အရင်းအနှီးနှင့် အခြားသွင်းအားစုများ သာမက နည်းပညာနှင့် စွမ်းဆောင်နိုင်မှု ပြောင်းလဲခြင်း(Total Factor  Productivity- TFP) ကို ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဆိုသည့် အချက်မှစ၍ တရုတ်နိုင်ငံနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆောင် ရွက်ချက် အတွေ့အကြုံများသည် အနာဂတ်ကိုဖော်ဆောင်မည့် ဝန်ထမ်းအားလုံး သိထားသင့်သည့် အရေးကြီးသော အကြောင်းအရာများဖြစ်သည့်အတွက် စိတ်ပါဝင်စားစွာ စနစ်တကျ ပါဝင် ဆွေးနွေးမေးမြန်းကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

ဆွေးနွေးပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးရုံး၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဇာလီနွယ် က “ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးဆိုင်ရာ ဆောင်ရွက်ချက်များအား အသိပညာမျှဝေဆွေးနွေးခြင်း” ခေါင်းစဉ်ဖြင့် အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသူများက သိရှိလိုသည်များကို ပြန်လည် မေးမြန်းဆွေးနွေးခြင်း၊ ဖြည့်စွက် ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြပါသည်။

အခမ်းအနားသို့ ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်၊ အဆင့်မြင့်အရာရှိကြီးများ၊ အရာထမ်း/ အမှုထမ်းများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ရုံးချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးမှူးရုံးများမှ Online ဖြင့် တက်ရောက်သူများ အပါအဝင် စုစုပေါင်း ဝန်ထမ်းအင်အား ၁၂၀ ကျော် တက်ရောက်ကြပါသည်။