၀န်ကြီးဌာနသတင်းများ

 ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ထမ်းများ၏ လူ့စွမ်း အားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရန် ရည်ရွယ် သည့် Knowledge Sharing Programme (KSP) သောကြာနေ့စကားဝိုင်း (Friday Talk) ၏ အမှတ်စဉ် (၃၀) ဆွေးနွေးပွဲအဖြစ် “နှစ်နိုင်ငံ နှင့် အပြည်ပြည်ဆိုင်ရာ စီးပွားရေးပူးပေါင်း ဆောင်ရွက်ရေး သဘောတူညီချက်များအတွက် ညှိနှိုင်းရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေး ဆွေးနွေးပွဲသို့‌ တက်ရောက်ခဲ့မှုကို ပြန်လည်မျှဝေခြင်း” ခေါင်းစဉ်ဖြင့် ယနေ့ မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁) ၌ ကျင်းပ ပြုလုပ် ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် တက်ရောက် အမှာစကား ပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ဆွေးနွေးတင်ပြမည့် အကြောင်းအရာဖြစ်သော နှစ်နိုင်ငံ နှင့် အပြည်ပြည်ဆိုင်ရာ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များ (bilateral and multilateral economic cooperation agreements) သည် မိမိတို့ဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များဖြစ်သဖြင့် အရာထမ်း / အမှုထမ်းများအတွက် အသုံးဝင်ပြီး အသိပညာ ဗဟုသုတများ စွာရရှိမည်ဖြစ်ပါကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (Ministry of Commerce- MOFCOM) မှ ဦးဆောင်၍ အလုပ်ရုံဆွေးနွေးပွဲများ၊ Seminar များနှင့် လေ့လာရေး အစီအစဉ်များကို ၂၀၂၃ ခုနှစ်မှ ပြန်လည် စတင်၍ အစိုးရဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ သာမက ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) မှ ကိုယ်စားလှယ်များကိုပါ ဖိတ်ကြား၍ စာတွေ့လက်တွေ့များ ရရှိစေရန် စေလွှတ်ပေးလျက်ရှိပါ ကြောင်း၊ နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံအကြား ကူးသန်းရောင်းဝယ်မှုများ ပြုလုပ်ကြရာတွင် ပို့ကုန် သွင်းကုန် လုပ်ငန်းများ သာမက ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တိုးမြှင့်ရေးကိုပါ ဦးစားပေး လုပ်ကိုင် ကြရန် လိုအပ်ပါကြောင်း၊ ထို့သို့ ဆောင်ရွက်ရာတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ရေးနှင့် အကာ အကွယ်ပေးရေး (Investment Promotion and Protection) ရင်းနှီး မြှုပ်နှံမှု လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး (Investment Facilitation) လိုအပ်ပါကြောင်း၊ ရင်းနှီးမြှုပ်နှံသူများ အား  အကာအကွယ်ပေးရာတွင် မိမိနိုင်ငံတွင် လာရောက် လုပ်ကိုင်သော ရင်းနှီးမြှုပ်နှံသူများ အတွက် သာမက အခြားနိုင်ငံများတွင် သွားရောက်လုပ်ကိုင်သော မိမိနိုင်ငံသား ရင်းနှီးမြှုပ်နှံသူ များကိုပါ ဥပဒေကြောင်းနှင့်အညီ အပြန်အလှန် (reciprocal) အကာ အကွယ်ပေးရန် လိုအပ်ပါ ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင်  မိမိနိုင်ငံ၏ အမျိုးသား အကျိုး စီးပွားကို ကာကွယ်ရန် လိုအပ်ပါကြောင်း၊  နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်၊ မူဝါဒနှင့် ဦးတည်ချက် များကို အရာထမ်း/ အမှုထမ်းများ သိရှိနားလည်ရန် လိုအပ်ပါကြောင်း၊ ထို့ပြင် မိမိတို့ဝန်ကြီး ဌာန၏ ဦးတည်ချက်နှင့် ရှေ့လုပ်ငန်းစဉ်များကို အလေးထား လိုက်နာပြီး မိမိနိုင်ငံ၏ သမိုင်းကြောင်းနှင့် ဖြစ်တည်မှု ပုံစံ များကို ဝန်ထမ်းများအားလုံး သိရှိနားလည်ရမည် ဖြစ်ပါကြောင်း၊  ယနေ့ဆွေးနွေး တင်ပြမည့် ခေါင်းစဉ်သည် နှစ်နိုင်ငံနှင့် အပြည်ပြည်ဆိုင်ရာ စီးပွားရေးပူးပေါင်း ဆောင်ရွက်ရေး သဘောတူ ညီချက်များအပေါ် အခြေခံသည့် အကြောင်းအရာများ ဖြစ်သဖြင့် အရာထမ်း/ အမှုထမ်းများ အားလုံး ကျွမ်းကျင်စွာ သိရှိနားလည်ရန် လိုအပ်ပါကြောင်းနှင့် အနာဂါတ်တွင် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ရေးဆောင်ရွက်ရာတွင် အထောက်အကူ ပြုနိုင်သဖြင့် စိတ်ပါဝင်စား စွာဖြင့် စနစ်တကျ ပါဝင် ဆွေးနွေးခြင်း၊ မေးမြန်းခြင်းအား ဆောင်ရွက်ရန်  တိုက်တွန်း ပြောကြားခဲ့ပါသည်။

ဆွေးနွေးပွဲအခမ်းအနားတွင် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးသက်တင်လင်း က တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် တက်ရောက်ခဲ့သည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (MOFCOM) က ပြုလုပ်သည့် ဆွေးနွေးပွဲမှ “နှစ်နိုင်ငံနှင့် အပြည်ပြည်ဆိုင်ရာ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်များအတွက် ညှိနှိုင်း ရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေးဆွေးနွေးပွဲသို့‌ တက်ရောက်ခဲ့မှုကို ပြန်လည်မျှဝေခြင်း” ခေါင်းစဉ်ဖြင့် အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသူများက သိရှိလိုသည် များကို ပြန်လည် မေးမြန်းဆွေးနွေးခြင်း၊ ဖြည့်စွက် ဆွေးနွေးခြင်းများပြုလုပ်ခဲ့ကြပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မေးမြန်း ဆွေးနွေးချက်များအပေါ် လိုအပ်သည်များကို ဖြည့်စွက် ရှင်းလင်းဆွေးနွေးပေးခဲ့ပါသည်။

              အခမ်းအနားသို့ ဒုတိယဝန်ကြီး၊  ညွှန်ကြားရေးမှူးချုပ်များနှင့်  အရာထမ်း/ အမှုထမ်းများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ရုံးချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးရုံးများမှ Online ဖြင့် တက်ရောက်သူများ အပါအဝင် စုစုပေါင်း ဝန်ထမ်း အင်အား ၁၂၀ ကျော် တက်ရောက်ကြပါသည်။