၀န်ကြီးဌာနသတင်းများ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနရှိ အရာထမ်းနှင့် အမှုထမ်းများ အတွက် စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းအမှတ်စဉ် (၄/၂၀၂၃) ဖွင့်ပွဲ အခမ်းအနားကို  ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၁) ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနရှိ လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေး၊ ဝန်ထမ်းစွမ်းဆောင်ရည်နှင့် လုပ်ကိုင်နိုင်စွမ်း (Capacity and Capability) မြှင့်တင်ရေးနှင့် ရုံးလုပ်ငန်းများကို လွယ်ကူလျင်မြန်စွာ ထမ်းဆောင်နိုင်စေရန်ရည်ရွယ်၍ ဝန်ကြီးဌာန၏ ဝန်ထမ်းစွမ်း‌ဆောင်ရည်မြှင့်တင်ရေး သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း၊  သင်တန်းများကို In Person နှင့် Online နှစ်မျိုးဖြင့် ၃ ကြိမ်တိုင် သင်ကြားပို့ချပေးခဲ့ပြီး လက်ရှိအချိန်တွင် ဦးစီးအရာရှိအဆင့်နှင့် အောက်သင်တန်းသား စုစုပေါင်း ၁၉၅ ဦး တက်ရောက်သင်တန်းဆင်းပေးခဲ့ပြီးဖြစ်ကြောင်း၊  ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်း၌ မိမိတို့ဝန်ကြီးဌာနနှင့် သက်ဆိုင်သည့်ဘာသာရပ်များ ပို့ချပေး‌သည် သာမက အခြားဆက်စပ်ဝန်ကြီးဌာနများမှ ဘာသာရပ်များကိုပါ ပို့ချပေးလျက်ရှိပါကြောင်း၊ သင်တန်းတွင် ဝန်ကြီးဌာန၏ ရည်မှန်းချက်၊ တာဝန်နှင့် အကောင်အထည်ဖော်နိုင်မှုများအပြင် စီမံခန့်ခွဲမှု (Management)၊ ကောင်းမွန်သည့်အုပ်ချုပ်မှုစနစ် (Good Governance)၊ နိုင်ငံ့ ဝန်ထမ်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများ၊ ရုံးစာရေးသားနည်း၊ ရုံးလုပ်ငန်းလက်စွဲ၊ အပြည်ပြည်ဆိုင်ရာဥပဒေ (International Law)၊ သံတမန်ရေးရာအခွင့်အရေးနှင့် ကင်းလွတ်ခွင့်များ၊ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု (PFM)၊ စာရင်းစစ်ဆေးခြင်း နှင့် အစစ်ဆေးခံရန်ပြင်ဆင်ခြင်းများ၊ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု နည်းဥပဒေများ၊ International Investment Agreement(IIAs) ၊ Investment Liberalization ၊ Investment Protection ၊ Investment Promotion ၊ Investment Facilitation ၊ FDI in Myanmar ၊ WTO နှင့် UNCTAD တို့ မှ ကုန်သွယ်မှုနှင့် ဆက်စပ်သည့် ထုတ်ပြန်ချက်များ၊ လူမွဲခံယူခြင်းဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ အပြည်ပြည်ဆိုင်ရာ ဥပဒေရေးရာနှင့် ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုစသည့် ဝန်ကြီးဌာနတစ်ခုလုံးနှင့် သက်ဆိုင် သည့် ဝန်ထမ်းများအားလုံး သိရှိထားရမည့် ဘာသာရပ်များကို သင်ကြားပေးမည်ဖြစ်ကြောင်း၊ သင်တန်းတက်ရောက်ရာတွင်လည်း သင်တန်းစည်းမျဉ်းစည်းကမ်းများကို လိုက်နာရန်လိုအပ်ပြီး သင်တန်းမှ စာတွေ့လက်တွေ့ပို့ချခြင်းဖြင့် ရရှိလာသည့်အသိပညာများကို လက်တွေ့နယ်ပယ် တွင် ဖန်တီးနိုင်စွမ်းဖြင့် အရည်အသွေး ရှိစွာ ပြန်လည်အသုံးချနိုင်ရန်လိုကြောင်းနှင့်   နိုင်ငံ့ဝန်ထမ်း စည်းမျဉ်းစည်းကမ်းများကို စနစ်တကျလိုက်နာပြီး အောင်မြင်သော နိုင်ငံ့ဝန်ထမ်းများဖြစ်လာစေရေး ကြိုးစားသွားကြရန် တိုက်တွန်းလိုကြောင်း မှာကြားခဲ့ပါသည်။

 ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနရှိ ဦးစီးအရာရှိ ရာထူး အဆင့်နှင့် အောက်ဝန်ထမ်းများအတွက် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ် (၄/၂၀၂၃) ဖွင့်ပွဲအခမ်းအနားသို့ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ် နှင့် အရာထမ်း၊ အမှုထမ်းများတက်ရောက်ခဲ့ပြီး လူကိုယ်တိုင်နှင့် Online မှ သင်တန်းသား၊ သင်တန်းသူ ၃၈ ဦး အပါအဝင် စုစုပေါင်း ၁၂၀ ကျော်တက် ရောက်ခဲ့ကြပါသည်။

အဆိုပါ သင်တန်းအား ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ‌လ ၅ ရက်နေ့မှ နိုဝင်ဘာလ ၁၀ ရက်နေ့ အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းနှင့် မွမ်းမံသင်တန်းအား စဉ်ဆက်မပြတ် ဖွင့်လှစ်သွား မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။