၀န်ကြီးဌာနသတင်းများ

အင်ဒိုနီးရှားနိုင်ငံဂျကာတာမြို့အာဆီယံအတွင်းရေးမှူးချုပ်ရုံးတွင် အောက်တိုဘာလ ၁၀ ရက် နေ့မှ ၁၁ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်း ချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့၏ (၁)ကြိမ်မြောက် အစည်းအဝေးသို့ မြန်မာနိုင်ငံ၏ ထင်ပေါ်ကျော်ကြားပုဂ္ဂိုလ်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင် ခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဇော်စိုးနှင့် ဘာသာရပ်ဆိုင်ရာ တာဝန်ခံ (၁) ဦး တို့မှ အထောက်အကူပြုအဖွဲ့အဖြစ် လိုက်ပါတက်ရောက်ခဲ့ပါသည်။

အစည်းအဝေးကို အာဆီယံဥက္ကဋ္ဌဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံ ထင်ပေါ်ကျော်ကြားပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီး၏ ဦးစားပေးလုပ်ငန်းစဉ်များဆိုင်ရာ အကြံပေးပုဂ္ဂိုလ် Mr. Dian Triansyah Djani နှင့် အာဆီယံအသိုက်အဝန်းမျှော်မှန်းချက်စာတမ်း ရေးဆွဲရေးဆိုင်ရာ အမြဲတမ်းဦးဆောင် အဖွဲ့ဝင် မလေးရှားနိုင်ငံ၏ ထင်ပေါ်ကျော်ကြားပုဂ္ဂိုလ်နှင့် အငြိမ်းစားသံအမတ်ကြီး Mr. Dato Zainuddin Yahya တို့က ပူးတွဲဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ကြပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် လေ့လာသူ တီမောလက်စ်တေနိုင်ငံတို့၏ ထင်ပေါ်ကျော်ကြားပုဂ္ဂိုလ်များ၊ အာဆီယံအတွင်းရေး မှူးချုပ် H.E. Dr. Kao Kim Hourn၊ အဆင့်မြင့်ကိုယ်စားလှယ်များတာဝန်ရှိသူများနှင့် အာဆီယံ နိုင်ငံများမှ ကိုယ်စားလှယ်စုစုပေါင်း (၇၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် (၃၄) ကြိမ်မြောက် အာဆီယံပေါင်းစပ်ညှိနှိုင်းရေးကောင်စီ အစည်းအဝေးနှင့် (၄၃) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးတို့၌ အတည်ပြုခဲ့သည့် အာဆီယံအသိုက် အဝန်းမျှော်မှန်းချက် ၂၀၄၅ ဆိုင်ရာ ဖြစ်ပေါ် တိုးတက်မှုများ၊ အာဆီယံအသိုက်အဝန်းမျှော်မှန်းချက် ၂၀၄၅ နှင့် ဆက်စပ်စာတမ်းမူကြမ်းများ၊ အာဆီယံအသိုက်အဝန်းမျှော်မှန်းချက် ၂၀၄၅ စာတမ်းကို အကောင်အထည်ဖော်ဆောင်မည့်  မဟာဗျူဟာစီမံချက် လုပ်ငန်းစဉ်များနှင့် အဆင့်မြင့်လုပ်ငန်း အဖွဲ့၏ ၂၀၂၄ ခုနှစ် လုပ်ငန်းစဉ်တို့အပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။

ဒုတိယဝန်ကြီးက အာဆီယံအသိုက်အဝန်း ၂၀၂၅ အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့် မြင့်လုပ်ငန်းအဖွဲ့အနေဖြင့် အာဆီယံအသိုက်အဝန်းမျှော်မှန်းချက် ၂၀၄၅ စာတမ်းကို (၁၀) ကြိမ်မြောက် အစည်းအဝေးတွင် အပြီးသတ်ရေးဆွဲနိုင်ခဲ့ခြင်းအပေါ် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ယင်းစာတမ်း၏ ဆက်စပ်စာတမ်း/ မဟာဗျူဟာအစီအစဉ်များ ဆက်လက်ရေးဆွဲရာတွင် မြန်မာ နိုင်ငံအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် အာဆီယံမဏ္ဍိုင် (၃) ရပ်အောက်ရှိ ဝန်ကြီးဌာနများအကြား အာဆီယံအသိုက်အဝန်းမျှော်မှန်းချက် ၂၀၄၅ စာတမ်း ၏ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးများကို (၂) ကြိမ်တိုင် ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း၊ ယင်းအစည်းအဝေးများတွင် သက်ဆိုင်ရာဝန်ကြီးဌာန များမှ အာဆီယံအသိုက်အဝန်းမျှော်မှန်းချက် ၂၀၄၅ စာတမ်း၏ မဟာဗျူဟာအစီအစဉ်များ ရေးဆွဲ ရာတွင် ထည့်သွင်းလိုသည့်အချက်များ၊ အကြံပြုချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းခဲ့ကြောင်း၊ အာဆီယံအသိုက်အဝန်းမျှော်မှန်းချက် ၂၀၄၅ စာတမ်း၏ မဟာဗျူဟာအစီအစဉ်များကို လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် စီမံချက်များဖြင့် ပြုစုရေးဆွဲရန်လိုအပ်ပြီး အာဆီယံ ဒေသတွင်းရှိ ပြည်သူများအားလုံးအတွက် အကျိုးရှိထိရောက်သော လုပ်ငန်းစဉ်များ ဖြစ်ထွန်းစေ ရေးကို အလေးထားဆောင်ရွက်ကြရန်နှင့် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကွာဟချက် ကျဉ်းမြောင်း စေရေးအတွက် အဓိကဆောင်ရွက်မည့် စီမံကိန်းများကို မဟာဗျူဟာ လုပ်ငန်းစဉ်အသီးသီးတွင် ဦးစားပေးကဏ္ဍအဖြစ် ထည့်သွင်းရေးဆွဲသွားရန် ဆွေးနွေးပြောကြားခဲ့ပါသည်။

အစည်းအဝေးတွင် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တင်ပြသည့် အာဆီယံအသိုက်အဝန်း မျှော်မှန်းချက် ၂၀၄၅ စာတမ်း၏ မဟာဗျူဟာအစီအစဉ် မူကြမ်းများအပေါ် သုံးသပ်ဆွေးနွေးခဲ့ကြ ရာ စီမံချက်ရေးဆွဲရေးပုံစံမူကြမ်းများ ပြုစုရာတွင် မဏ္ဍိုင် (၃) ရပ်အကြား အပြန်အလှန်ချိတ်ဆက် ညီညွတ်မှုရှိစေရေး၊ ကဏ္ဍစုံ ပါဝင်ပတ်သက်သည့် ကိစ္စရပ်များ (Cross-cutting Issues) အပေါ် သက်ဆိုင်ရာ ဦးဆောင်လုပ်ငန်းအဖွဲ့များမှ တာဝန်ခွဲဝေယူ၍ ညှိနှိုင်းပြုစုရေး၊ ပြည်သူအခြေပြု ပြည်သူဗဟိုပြုသည့် အာဆီယံအသိုက်အဝန်း ဖြစ်လာစေရေးအတွက်  အာဆီယံ၏ သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးနှင့် ထိတွေ့ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ပြီး ၎င်းတို့ထံမှ အကြံပြုချက်များကိုလည်း ထည့်သွင်းစဉ်းစားရေးနှင့် အနာဂတ်ကာလတွင် “တက်ကြွ၍ ကြံ့ခိုင်မှုရှိပြီး တီထွင်ဆန်း သစ်နိုင်သော ပြည်သူ့ဗဟိုပြုအာဆီယံ (Resilient, Innovative, Dynamic and People-Centred ASEAN) ဆောင်ပုဒ်နှင့်အညီ အာဆီယံ၏ ဦးတည်ချက်များနှင့် ရည်မှန်းချက်များကို အာဆီယံ၌ အစဉ်အဆက်ကျင့်သုံးခဲ့သည့် စံနှုန်းများ၊ မူဝါဒများနှင့် တွေ့ကြုံရသည့် စိန်ခေါ်မှုများအပေါ် အခြေခံ၍ ဆောင်ရွက်သွားရေးတို့ကို ဆွေးနွေးခဲ့ပါသည်။

အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်း အဖွဲ့အနေဖြင့် အာဆီယံအသိုက်အဝန်းမျှော်မှန်းချက် ၂၀၄၅ စာတမ်းကို အကောင်အထည်ဖော် ဆောင်မည့် အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်း အာဆီယံစီးပွားရေးအသိုက်အဝန်း အာဆီယံလူမှု-ယဉ်ကျေးမှုအသိုက်အဝန်းနှင့် အာဆီယံပေါင်းစပ်ဆက်သွယ်ရေးဆိုင်ရာ မဟာ ဗျူဟာ စီမံချက်လုပ်ငန်းစဉ်များကို အာဆီယံအသိုက်အဝန်းမဏ္ဍိုင်များအကြား ညှိနှိုင်းရေးဆွဲ သွားမည်ဖြစ်ပါကြောင်းနှင့်  အဆိုပါ မဟာဗျူဟာစီမံချက်များအား ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်း အာဆီယံထိပ်သီးအစည်း အဝေးတွင် အတည်ပြုပြဋ္ဌာန်းသွားနိုင်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရပါသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန

ရက်စွဲ၊ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၂  ရက်