၀န်ကြီးဌာနသတင်းများ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ထမ်းများ၏ လူ့စွမ်း အားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရန် ရည်ရွယ် သည့် Knowledge Sharing Programme (KSP) သောကြာနေ့ စကားဝိုင်း (Friday Talk) ၏ အမှတ်စဉ် (၃) ဆွေးနွေးပွဲအဖြစ် ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်းတွင် ပါဝင်သည့် နိုင်ငံများ နှင့် စီးပွားရေးနှင့် ကုန်သွယ်မှု ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့မှု အပေါ် အသိပညာမျှဝေဆွေးနွေးခြင်း ခေါင်းစဉ်ဖြင့် ယနေ့ မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁) ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာကံဇော် တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနရှိ ဝန်ထမ်းများအတွက် အသိ ပညာမျှဝေ ဆွေးနွေးခြင်းအစီအစဉ်အား အပတ်စဉ် သောကြာနေ့တိုင်း ကျင်းပလာခဲ့သည်မှာ အချိန် ကာလအားဖြင့် ၈ လခန့်ရှိပြီ ဖြစ်ပါကြောင်း၊ ယနေ့ ဆွေးနွေးတင်ပြမည့် အကြောင်းအရာတွင် ပါဝင်သော ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း (Belt and Road Initiative- BRI) ကို  တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၌ ၂၀၁၃ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့ရာ အချိန်ကာလအားဖြင့် ၁၀ နှစ် ခန့်ရှိ ပြီဖြစ်ပါကြောင်း၊ ယင်း ပိုးလမ်းမကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ဉရောပနိုင်ငံများအထိ ကုန်းလမ်းနှင့် ရေလမ်း ဟူသည့် လမ်းနှစ်သွယ်ဖြင့် ဆက်သွယ်ထားကာ ဒေသတွင်းပူးပေါင်း ဆောင်ရွက်မှု (Regional Integration)၊ ကုန်သွယ်မှု အဆင်ပြေချောမွေ့စေရေး (Trade Facilitation)နှင့် စီးပွားရေး တိုးတက်မှု (Economic Growth)  များကို ဖြစ်ပေါ်စေခဲ့ပါကြောင်း၊ ယနေ့ ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း (BRI) တွင် နိုင်ငံပေါင်း ၁၅၀ ကျော်ပါဝင်ပြီး မူဝါဒပိုင်းဆိုင်ရာ ပေါင်းစည်းခြင်း(Policy Coordination)၊ နိုင်ငံအချင်းချင်းဆက်သွယ်ရေး လမ်းကြောင်းများ၊ တံတား၊ ဆိပ်ကမ်းများ စသည့် အခြေခံ အဆောက်အအုံများ ဆက်သွယ်မှု (Physical Connectivity) ၊ အတားအဆီးမဲ့ ကုန်သွယ်မှု (Undisturbed Trade)၊ ဘဏ္ဍာရေးဆိုင်ရာပေါင်းစည်းခြင်း (Financial Integration) ၊ ပြည်သူ အချင်းချင်း ဆက်စပ်ပေါင်းစည်းမှု (People to People Connectivity)  ဟူသော အခြေခံအချက် ၅ ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းတွင် Shanghai Cooperation Organization - SCO ၊ BRICS ကဲ့သို့ နိုင်ငံတကာအဖွဲ့အစည်းများလည်း ‌ပေါ်ပေါက် လာခဲ့ကြောင်း၊  ယနေ့ ဆွေးနွေးမည့် အကြောင်းအရာမှ တစ်ဆင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ကုန်သွယ်မှုအဆင်ပြေချောမွေ့စေရေးနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အနာဂတ် သယ်ယူပို့ ဆောင်မှုတို့အား ကမ္ဘာနှင့်ချိတ်ဆက်ဆောင်ရွက်နေသည့် အကြောင်းအရာများကို သိရှိနိုင်မည် ဖြစ်ပြီး အရာထမ်း၊ အမှုထမ်းများအနေဖြင့် လက်ရှိကမ္ဘာ့ ဖြစ်ပေါ် တိုးတက်ပြောင်းလဲမှုများကို သိရှိထားခြင်းဖြင့် ကမ္ဘာနှင့် ရင်ဘောင်တန်းဆောင်ရွက်နိုင်ရန် စိတ်ပါဝင်စားစွာဖြင့် ပြည့်ပြည့်ဝဝ ဆွေးနွေးမေးမြန်းကြရန် တိုက်တွန်းမှာကြားပါသည်။

ဆွေးနွေးပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးအရာရှိ ဒေါ်သိင်္ဂီထွန်း က ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်းတွင် ပါဝင်သည့် နိုင်ငံများ နှင့် စီးပွားရေးနှင့် ကုန်သွယ်မှု ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့မှု အပေါ် အသိပညာမျှဝေဆွေးနွေးခြင်း” ခေါင်းစဉ်ဖြင့် အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသူများက သိရှိလိုသည် များကို ပြန်လည်မေးမြန်းဆွေးနွေးခြင်း၊ ဖြည့်စွက်ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြပါသည်။

အခမ်းအနားသို့ ဒုတိယဝန်ကြီး၊  ညွှန်ကြားရေးမှူးချုပ်နှင့်  အရာထမ်း/ အမှုထမ်းများ အပါအဝင် စုစုပေါင်း ဝန်ထမ်းအင်အား ၈၀ ကျော် တက်ရောက်ကြပါသည်။