၀န်ကြီးဌာနသတင်းများ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရန် ရည်ရွယ်သည့် Knowledge Sharing Programme (KSP) သောကြာနေ့စကားဝိုင်း (Friday Talk) ၏ အမှတ်စဉ် (၃၈) ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁) ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။

     ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင်  မိမိတို့ဝန်ကြီးဌာနတွင်း ဝန်ထမ်းများအား အတွေ့အကြုံများမျှဝေဖလှယ်ခြင်းဖြင့် ဗဟုသုတနှင့် အသိပညာများ ရရှိရုံ  သာမက ပြန်လည်အသုံးချနိုင်ရေးအတွက် KSP ဆွေးနွေးပွဲကို ကျင်းပပေးလျက်ရှိရာ  ယနေ့    ဆွေးနွေးမည့် “ စီမံချက် အဆိုပြုလွှာတစ်စောင်ရေးသားခြင်းနှင့် စီမံချက်ဆိုင်ရာ စီမံခန့်ခွဲမှု” ခေါင်းစဉ်သည် သိသင့်သိထိုက်ပြီး ပြန်လည်အသုံးချနိုင်သည့် အကြောင်းအရာဖြစ်ပါကြောင်း၊ အရာထမ်း/ အမှုထမ်းများအနေဖြင့်   စီမံကိန်း/  စီမံချက်၏ အဓိပ္ပါယ်ကိုနားလည်ပြီး စီမံချက်  အဆိုပြုလွှာ (Project Proposal) ရေးဆွဲကာ စီမံကိန်းလုပ်ငန်းများ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရသည့် လုပ်ငန်းစဉ်များ၊ ကြုံတွေ့နိုင်သည့် အခက်အခဲများ၊ အကောင်းအဆိုးရလဒ်များနှင့် စီမံချက်အကောင်အထည်ဖော်ရာတွင် ရည်ရွယ်ချက်အတိုင်း ပြီးမြောက်အောင်မြင်စေရေး အတွက် အဆင့်ဆင့် စီမံခန့်ခွဲဆောင်ရွက်ရမှု များကိုပါ သိရှိနားလည်လာစေမည်ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် ကုမွဏီလုပ်ငန်းများကို လုပ်ကိုင်  ဆောင်ရွက်ရသောကြောင့် စီမံကိန်း/ စီမံချက်ရေးဆွဲမှုကိုလည်း သိရှိထားသင့်ကြောင်း၊ စီမံချက် အဆိုပြုလွှာတစ်စောင်တွင် ထည့်သွင်းရေးဆွဲရမည့် အခြေခံအချက်များဖြစ်သော စီမံကိန်း ဆောင်ရွက်မည့် အကြောင်းအရာ၊ စီမံကိန်းဆောင်ရွက်မည့် နေရာနှင့် အချိန်ကာလနှင့် စီမံကိန်း ဆောင်ရွက်မည့် နည်းလမ်းအဆင့်ဆင့် စသည်တို့ကို သိရှိနားလည်နိုင်မည်ဖြစ်သည့်အတွက်  တက်ရောက်လာကြသော အရာထမ်း/ အမှုထမ်းများအတွက် အကျိုးကျေးဇူးဖြစ်ထွန်းစေမည် ဖြစ်ပြီး ပြန်လည်ဆွေးနွေးပေးရန်လိုကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

            ဆက်လက်၍ ဆွေးနွေးတင်ပြမှုကိုဆောင်ရွက်ရာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ရီတာထွန်းမြင့် က “စီမံချက် အဆိုပြုလွှာ တစ်စောင်ရေးသားခြင်းနှင့် စီမံချက်ဆိုင်ရာ စီမံခန့်ခွဲမှုခေါင်းစဉ်ဖြင့် အသေးစိတ်ရှင်းလင်း   ဆွေးနွေးပြောကြားခဲ့ပါသည်။ ထို့နောက် တက်ရောက်လာကြသူများက မိမိတို့ဝန်ကြီးဌာန၌ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် စီမံချက်လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ လည်းကောင်း၊ စီမံချက်အဆိုပြုလွှာရေးဆွဲရေးနှင့်စပ်လျဉ်း၍ တွေ့ကြုံရသည့် မမျှော်မှန်းနိုင်သော အခက်အခဲများ နှင့် လက်ရှိရေးဆွဲလျက်ရှိသော စီမံချက်အဆိုပြုလွှာများ၏ အခြေအနေများနှင့်စပ်လျဉ်း၍ လည်းကောင်း ဖြည့်စွက်မျှဝေ ဆွေးနွေးခဲ့ကြပါသည်။

    အခမ်းအနားသို့ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊  ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အဆင့်မြင့်အရာရှိများနှင့် အရာထမ်း/ အမှုထမ်းများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ရုံးချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးမှူးရုံးများမှ Online ဖြင့် တက်ရောက်သူများ အပါအဝင် စုစုပေါင်းဝန်ထမ်းအင်အား ၁၀ ကျော် တက်ရောက်ကြပါသည်။