၀န်ကြီးဌာနသတင်းများ

အင်ဒိုနီးရှားနိုင်ငံဂျကာတာမြို့အာဆီယံအတွင်းရေးမှူးချုပ်ရုံးတွင် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ရက်နေ့မှ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့ (HLTF-ACV) ၏ (၁) ကြိမ်မြောက် အစည်းအဝေးသို့ မြန်မာနိုင်ငံ၏ အာဆီယံအသိုက်အဝန်း ၂၀၂၅ အလွန် မျှော်မှန်းချက်ရေးဆွဲရေး ဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့ခေါင်းဆောင်ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင် ခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာဦးစီး ဌာနဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဇော်စိုး နှင့် ဘာသာရပ်ဆိုင်ရာ တာဝန်ခံအရာရှိတို့မှ အထောက်အကူပြုအဖွဲ့အဖြစ် တက်ရောက်ခဲ့ပါသည်။

 

အစည်းအဝေးကို အာဆီယံဥက္ကဋ္ဌဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံ ထင်ပေါ်ကျော်ကြားပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီး၏ ဦးစားပေးလုပ်ငန်းစဉ်များဆိုင်ရာ အကြံပေးပုဂ္ဂိုလ် Mr. Dian Triansyah Djani နှင့် အာဆီယံ အသိုက်အဝန်းမျှော်မှန်းချက် စာတမ်းရေးဆွဲရေးဆိုင်ရာ အမြဲတမ်းဦးဆောင် အဖွဲ့ဝင် မလေးရှားနိုင်ငံ၏ ထင်ပေါ်ကျော်ကြားပုဂ္ဂိုလ်နှင့် အငြိမ်းစားသံအမတ်ကြီး Mr. Dato Zainuddin Yahya တို့က ပူးတွဲဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ကြပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် လေ့လာသူ တီမောလက်စ်တေနိုင်ငံတို့၏ ထင်ပေါ်ကျော်ကြားပုဂ္ဂိုလ်များ၊ အာဆီယံအတွင်းရေး မှူးချုပ် H.E. Dr. Kao Kim Hourn ၊ အဆင့်မြင့်ကိုယ်စားလှယ်များတာဝန်ရှိသူများနှင့် အာဆီယံ နိုင်ငံများမှ ကိုယ်စားလှယ်စုစုပေါင်း (၇၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

 

အစည်းအဝေး၌ ၂၀၄၅ အာဆီယံအသိုက်အဝန်းမျှော်မှန်းချက်၏ မဟာဗျူဟာအစီအစဉ်များ ကို မဏ္ဍိုင်အလိုက် ရေးဆွဲနိုင်ရေး ၊ သက်ဆိုင်သည့် အာဆီယံအဖွဲ့အစည်းများနှင့် ကျယ်ကျယ် ပြန့်ပြန့် ဆွေးနွေးညှိနှိုင်းရေး၊ ဆောင်ရွက်ရမည့် အချိန်ဇယားနှင့်လုပ်ငန်းစဉ်၊ ယင်းလုပ်ငန်းစဉ် တွင်ထည့်သွင်းရေးဆွဲရမည့် အကြောင်းအရာတို့နှင့်စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်မှုများ အဆင် ပြေချောမွေ့စေရေးအတွက် HLTF-ACV မှ အာဆီယံစီးပွားရေး ပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့် လုပ်ငန်းအဖွဲ့ (HLTF-EI) ဥက္ကဋ္ဌ အာဆီယံ လူမှု-ယဉ်ကျေးမှုအသိုက်အဝန်းဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး (SOCA) ဥက္ကဋ္ဌ ၊ အာဆီယံ ပေါင်းစပ်ဆက်သွယ်မှု ညှိနှိုင်းရေး ကော်မတီ (ACCC) ဥက္ကဋ္ဌတို့နှင့် မျက်နှာစုံညီတွေ့ဆုံ ဆွေးနွေးပွဲပြုလုပ်ခဲ့ပါသည်။

 

ဒုတိယဝန်ကြီးက ၂၀၄၅ အာဆီယံ အသိုက်အဝန်းမျှော်မှန်းချက်၏ မဟာဗျူဟာအစီအစဉ်များ ရေးဆွဲရာ၌ အာဆီယံ အဖွဲ့ဝင်နိုင်ငံများအကြား ဖွံ့ဖြိုးမှုကွာဟချက် ရှိနေခြင်းကြောင့် အဆိုပါ ကွာဟချက် ကျဉ်းမြောင်းလာစေရေးကို ဦးစားပေးကဏ္ဍတစ်ခုအဖြစ် ဆက်လက်ထားရှိနိုင်ရေး၊ ယင်းနှင့်သက်ဆိုင်သည့်စီမံချက်လုပ်ငန်းစဉ်များကို မဟာဗျူဟာအစီအစဉ်များ၌ ထည့်သွင်းရေးဆွဲ ရေး၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်ပြည်သူများအကြား စီးပွားရေးသာမက အသိဉာဏ်ပညာ၊ အဖွဲ့ အစည်းဆိုင်ရာနှင့် ဒစ်ဂျစ်တယ်နည်းပညာ ဖွံ့ဖြိုးတိုးတက်မှု ကွာဟချက်များလည်း ရှိနေခြင်း ကြောင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုဆောင်ရွက်သွားနိုင်ရေး၊ နိုင်ငံတွင်း သက်ဆိုင်ရာမဏ္ဍိုင်၏ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများအကြား ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် မြန်မာနိုင်ငံမှာ  အာဆီယံ၏ တာဝန်သိအဖွဲ့ဝင်နိုင်ငံဖြစ်သည်နှင့်အညီ မဟာဗျူဟာလုပ်ငန်းစဉ်၌ အပြည့်အဝပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

 

တက်ကြွ၍ ကြံ့ခိုင်မှုရှိပြီး တီထွင်ဆန်းသစ်နိုင်သော ပြည်သူ့ဗဟိုပြု အာဆီယံဆောင်ပုဒ်ဖြင့် ရေးဆွဲထားသည့် ၂၀၄၅ အာဆီယံ အသိုက်အဝန်း မျှော်မှန်းချက်ကို အဆင့်မြင့်လုပ်ငန်းအဖွဲ့၏ (၁၁) ကြိမ်မြောက် HLTF အစည်းအဝေး၌ အပြီးသတ်ရေးဆွဲခဲ့ပြီး၊ (၄၃) ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးမှ အတည်ပြုခဲ့ပြီးဖြစ်ပါသည်။ အဆိုပါမျှော်မှန်းချက်ကို ၂၀၂၅ ခုနှစ်မှ ၂၀၄၅ ခုနှစ်အတွင်း ဆက်လက်အကောင်အထည်ဖော်မည့် မဟာဗျူဟာ လုပ်ငန်းအစီအစဉ်များ အား အာဆီယံနိုင်ငံရေးနှင့်လုံခြုံရေးအသိုက်အဝန်း (APSC) ၊ စီးပွားရေး အသိုက်အဝန်း (AEC) ၊ လူမှု-ယဉ်ကျေးမှု အသိုက်အဝန်း (ASCC)နှင့် အာဆီယံ ပေါင်းစပ် ဆက်သွယ်မှု ညှိနှိုင်းရေး ကော်မတီ (ACCC) တို့အကြား ညှိနှိုင်းရေးဆွဲ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။


ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန

ရက်စွဲ၊ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ   ရက်