၀န်ကြီးဌာနသတင်းများ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရန် ရည်ရွယ်သည့် Knowledge Sharing Programme (KSP) သောကြာနေ့စကားဝိုင်း (Friday Talk) ၏ အမှတ်စဉ် (၄၃) ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား  ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁) ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာ ကံဇော် တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။

     ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ ဝန်ကြီးဌာန၏ အသိပညာမျှဝေ ဆွေးနွေးပွဲ အမှတ်စဉ် (၄၃) ၌ “ ဒေသတွင်း ဘက်စုံ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု သဘောတူစာချုပ် (RCEP) အောက်ရှိ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေး ဆိုင်ရာဆွေးနွေးပွဲ” မှ လေ့လာသိရှိခဲ့သည့် အသိပညာအချက်အလက်များကို မျှဝေဆွေးနွေးမည် ဖြစ်ပါကြောင်း၊ ယနေ့ ဆွေးနွေးမည့် ခေါင်းစဉ်ပါ ဒေသတွင်းဘက်စုံ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု သဘောတူစာချုပ်သည် အာဆီယံ ၁၀ နိုင်ငံနှင့် ဆွေးနွေးဖက် ၅ နိုင်ငံ (တရုတ်၊ ဂျပန်၊ ကိုရီးယား၊ နယူးဇီလန်နှင့် ဩစတြေးလျနိုင်ငံ) တို့ ဘက်စုံစီးပွားရေးပူးပေါင်း ဆောင်ရွက် နိုင်ရေးအတွက် လက်မှတ်ရေးထိုးထားသော ၁၅ နိုင်ငံစာချုပ်ဖြစ်ပါကြောင်း၊ အဆိုပါစာချုပ် သည် ကမ္ဘာ့လူဦးရေ ၏ ၃၀ ရာခိုင်နှုန်းနှင့် ကမ္ဘာ့ GDP ၏ ၃၀ ရာခိုင်နှုန်းကို လွှမ်းခြုံထားပါ ကြောင်း၊ ယင်းစာချုပ်အရ မြန်မာနိုင်ငံအပါအဝင် RCEP အဖွဲ့ဝင်နိုင်ငံများအကြား တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကုန်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ အကောက်ခွန်နှုန်းထားများ သတ်မှတ်ခြင်း၊  ပုံမှန်ကုန်သွယ်ရေး (Normal Trade) ဆောင်ရွက်ခြင်း၊ နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေး ဆောင်ရွက်ခြင်း ၊ ပို့ကုန်/ သွင်းကုန် ဆိုင်ရာကိစ္စရပ်များတွင် Code System ဖြင့်ဆောင်ရွက်ခြင်း၊  Single Window System ဖြင့် သွင်းကုန်/ ထုတ်ကုန် မြန်ဆန်ချောမွေ့စေရေးဆောင်ရွက်ခြင်း၊ အီလက်ထရောနစ် (Electronic) နည်းပညာဖြင့် စိစစ်ထိန်းချုပ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိ ပါကြောင်း၊  မိမိတို့နိုင်ငံတွင်လည်း  နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေးလမ်းကြောင်းများ၌ အီလက်ထရောနစ်နည်းပညာဖြင့် ထိန်းချုပ်ဆောင်ရွက်လျက်ရှိသည့်အပြင် ကုန်သွယ်ရေးဂိတ် များတွင် ခေတ်မီ X-Ray Machine များဖြင့် စစ်ဆေးသည့် အနေအထားများဖြင့် ဆောင်ရွက်လျက်ရှိ နေပြီဖြစ်ပါကြောင်း၊ ယနေ့ဆွေးနွေးချက်ကို သေချာစွာသိရှိနားလည်ပြီး မိမိနိုင်ငံတွင် ဆောင်ရွက် နိုင်မည့် နည်းလမ်းများကို နားလည်သိမြင်လာစေရန် အသိပညာ ဗဟုသုတဖြန့်ဝေပေးနေခြင်းဖြစ် သည့်အတွက် တက်ရောက်လာကြသူများမှ စိတ်ပါဝင်စားစွာဖြင့် ပါဝင်ဆွေးနွေးသွားကြ စေလိုကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။  

            ဆက်လက်၍ ဆွေးနွေးတင်ပြမှုကိုဆောင်ရွက်ရာ ပြည်ထောင်စုဝန်ကြီးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နွယ်နွယ်ဝင်းက တရုတ်နိုင်ငံတွင်သင်တန်း တက်ရောက်ခဲ့ သည့် သင်တန်းမှ ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် အောက်ရှိ နယ်စပ်ဖြတ်ကျော်ထောက်ပံ့ ပို့ဆောင်ရေးဆိုင်ရာ ဆွေးနွေးပွဲတက်ရောက်မှုမှ ရရှိခဲ့ သည့် နည်းလမ်းများကို အသိပညာမျှဝေဆွေးနွေးခြင်းခေါင်းစဉ်ဖြင့် အသေးစိတ်ရှင်းလင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

              ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာကြသူများမှ နိုင်ငံဖွံ့ဖြိုးမှု အတွက် အဓိကလုပ်ဆောင်ရမည့်အချက်များ၊ အဂတိကင်းရှင်းရေးဆောင်ရွက်ရန်များ၊ ကျေးလက် ဒေသဖွံ့ဖြိုးရေး၊ ကျေးလက်/ မြို့ပြ ကွာဟမှု ကျဉ်းမြောင်းစေရေးနှင့် ဆင်းရဲမှုလျှော့ကျစေရေး ဆောင်ရွက်ချက်များနှင့် အသိပညာမျှဝေဆွေးနွေးမှုမှတစ်ဆင့် မိမိနိုင်ငံအတွက်အကျိုးရှိစေမည့် နည်းလမ်းများ ရှာဖွေဆောင်ရွက်သွားနိုင်ရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဖြည့်စွက်ရှင်းလင်း ဆွေးနွေးခဲ့ကြပါသည်။  

    အခမ်းအနားသို့ ဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ၊ အရာထမ်း/ အမှုထမ်းများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ရုံးချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူး ရုံးများမှ Online ဖြင့် တက်ရောက်သူများ အပါအဝင် စုစုပေါင်းဝန်ထမ်းအင်အား ၁၀ ကျော် တက်ရောက်ကြပါသည်။