၀န်ကြီးဌာနသတင်းများ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနရှိ အရာထမ်းနှင့် အမှုထမ်းများ အတွက် စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းအမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲ အခမ်းအနားကို  ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၁) ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

            အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနရှိ အရာထမ်း/ အမှုထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေး၊ ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရေး၊ ရုံးလုပ်ငန်းများအပေါ် ပိုမိုသိရှိနားလည်ကာ လုပ်ငန်းတာဝန်များကို အချိန်နှင့် တစ်ပြေးညီ ကျွမ်းကျင်မှုရှိစွာဖြင့် လွယ်ကူလျင်မြန်စွာ လုပ်ဆောင်နိုင်စေရန် ရည်ရွယ်၍ ဝန်ကြီး ဌာနတွင်း ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းကို ဖွင့်လှစ်ပို့ချပေးနေခြင်းဖြစ်ပါကြောင်း၊ ၂၀၂၃ ခုနှစ်အတွင်း ဝန်ကြီးဌာနရှိ ဦးစီးအရာရှိအဆင့်နှင့် အောက်ဝန်ထမ်းများအတွက် ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရေး သင်တန်းကို ၄ ကြိမ် ကျင်းပခဲ့ပြီး စုစုပေါင်းသင်တန်းသား ၂၃၃ ဦး ကို သင်ကြားပို့ချခဲ့ပြီးဖြစ်ပါကြောင်း၊ နေ့စဉ် သင်တန်းချိန် ၂ ချိန်ဖြင့် စုစုပေါင်း သင်တန်းချိန် ၅၃ ချိန် ဖြင့် လုပ်ငန်းခွင်မပျက် ဖွင့်လှစ်ဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း၊ ဝန်ထမ်းများ၏ လုပ်ဆောင်နိုင် စွမ်း (Capacity) နှင့် လုပ်နိုင်စွမ်းအား (Capability) တို့မြှင့်တင်ပေးရန် သင်တန်းပို့ချပေးခြင်း ဖြစ်သည့်အတွက် ဝန်ထမ်းများအနေဖြင့် အသိပညာနှင့် လုပ်နိုင်စွမ်းအားများ တစ်နေ့ထက်တစ်နေ့ တိုးတက်စေရေးကို အဓိကထားလေ့ကျင့်သွားကြရန်လိုအပ်ပါကြောင်း၊ အတွေ့အကြုံများသည် အကောင်းဆုံးသော ဆရာဖြစ်သည့်အတွက် ဝန်ထမ်းများအနေဖြင့် လုပ်ငန်းဆောင်ရွက်ရာတွင် အတွေ့အကြုံကောင်းများကို သင်ခန်းစာရယူ၍ အကျိုးရှိရှိအသုံးချနိုင်ရေး လေ့ကျင့်ပျိုးထောင် ကြရန်၊ ဝန်ထမ်းအချင်းချင်းပူးပေါင်းဆောင်ရွက်မှု (Cooperation and Coordination)၊ ပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေစွာ လုပ်ဆောင်တတ်မှု (Working with Environment) ၊ တစ်ဦးနှင့် တစ်ဦးနားလည်မှု (Understanding) တို့ဖြင့် ဆောင်ရွက်ကြရန်၊ ဝန်ကြီးဌာနရှိ ဝန်ထမ်း များအားလုံးအနေဖြင့် ဝီရိယ၊ သစ္စာ၊ ဉာဏ၊ သမာဓိ ရှိရှိဖြင့်  နိုင်ငံ့တာဝန်များကို ဝန်ထမ်းစည်းကမ်း၊ ရုံးစည်းကမ်းများနှင့်အညီ နိုင်ငံ့ဝန်ထမ်းကောင်းတစ်ယောက်ဖြစ်စေရန်နှင့်  မိမိနိုင်ငံနှင့် ဝန်ကြီး ဌာနအပေါ် သစ္စာရှိစွာဖြင့် စွမ်းဆောင်ရည်မြင့်မားသော အရာထမ်း/ အမှုထမ်းကောင်းများ ဖြစ်အောင် တက်တက်ကြွကြွ ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။   

အဆိုပါ (၁/၂၀၂၄) ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းတွင် ဝန်ကြီးဌာန၏ ရည်မှန်းချက်၊ တာဝန်နှင့် အကောင်အထည်ဖော်နိုင်မှုများအပြင် စီမံခန့်ခွဲမှု (Management)၊ ကောင်းမွန်သည့် အုပ်ချုပ်မှုစနစ် (Good Governance)၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများ၊ ရုံးစာရေးသားနည်း၊ ရုံးလုပ်ငန်းလက်စွဲ၊ အပြည်ပြည်ဆိုင်ရာဥပဒေ (International Law) ၊ သံတမန်ရေးရာအခွင့်အရေးနှင့် ကင်းလွတ်ခွင့်များ၊ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု (PFM)၊ စာရင်းစစ်ဆေးခြင်း နှင့် အစစ်ဆေးခံရန် ပြင်ဆင်ခြင်းများ (Auditing and Accounting) ၊ အဂတိတရားကင်းရှင်းရေးနှင့်တာဝန်များ စသည့် ဘာသာရပ်များအပြင် ဝန်ကြီးဌာန၏ ဝန်ထမ်း များအားလုံး သိရှိထားရမည့် ဘာသာရပ်များကို သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ အရာထမ်း၊ ကထိကများကို ဖိတ်ခေါ်၍  သင်ကြားပို့ချပေးမည်ဖြစ်ပါသည်။  

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနရှိ ဦးစီးအရာရှိ ရာထူးအဆင့် နှင့် အောက်ဝန်ထမ်းများအတွက် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားသို့ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ပြီး လူကိုယ်တိုင်နှင့် Online မှ သင်တန်းသား၊ သင်တန်းသူ ၄၃ ဦး အပါအဝင် စုစုပေါင်း ၁၂၀ ကျော်တက် ရောက်ခဲ့ပါသည်။

အဆိုပါ သင်တန်းအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့မှ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းနှင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းများ အပြင် မွမ်းမံသင်တန်းများကိုလည်း ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါ သည်။