၀န်ကြီးဌာနသတင်းများ

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၃) ဖြင့် အကောင်အထည်ဖော်ခွင့် ရရှိခဲသော စီမံချက်ဖြစ်သည့် ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (Regional Comprehensive Economic Partnership – RCEP) သဘောတူစာချုပ် အကောင်အထည်ဖော် ရေးအတွက် အသိပညာပေးခြင်းနှင့် အလေ့အကျင့်ကောင်းများ ဖလှယ်ခြင်းဆိုင်ရာဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို နေပြည်တော်ရှိ Horizon Lake View Resort ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။

ဖွင့်ပွဲအခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ သံမှူးကြီး Mr. Zheng Zhihong နှင့် မဲခေါင်-လန်ချန်း အဖွဲ့ဝင်နိုင်ငံ သံရုံးများမှ ကိုယ်စားလှယ်များ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ ကျွမ်းကျင်ပညာရှင်များ၊ ဘာသာရပ် ဆိုင်ရာဝန်ကြီးဌာန ၁၀ ခု တို့မှ အဆင့်မြင့်အရာရှိကြီးများ၊ မဲခေါင်-လန်ချန်း အဖွဲ့ဝင်နိုင်ငံများ ဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍများမှ ကိုယ်စားလှယ်များ  ပါဝင်တက်ရောက်ကြသည်။

ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု သဘောတူစာချုပ်သည် ပွင့်လင်း၍ အားလုံးပါဝင်သည့် စည်းမျဉ်းအခြေခံ နိုင်ငံစုံ ကုန်သွယ်ရေးစနစ် တစ်ခုဖြစ်ပြီး ဒေသတွင်း ကုန်သွယ်မှုအခွင့်အလမ်းသစ်များကို ဖန်တီး၍ စီးပွားရေး ပြန်လည်ထူထောင်မှုကိုလည်း အရှိန်မြှင့်တင်ပေးမည်ဖြစ်ကြောင်း၊ ယနေ့ကျင်းပသည့် ဆွေးနွေးပွဲသည် RCEP သဘောတူစာချုပ်ကို ပိုမိုနားလည် သဘောပေါက်နိုင်စေရန်နှင့် အသုံးပြုမှု ပိုမိုမြင့်မားလာ စေရန်တို့အတွက် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း၊ ဒေသတွင်းဘက်စုံစီးပွား ရေးပူးပေါင်း ဆောင်ရွက်မှု သဘောတူစာချုပ်ပါ အကောက်ခွန်နှင့် ပင်ရင်းနိုင်ငံစည်းမျဉ်းတို့ကို နားလည်ခြင်းအားဖြင့် အကောက်ခွန်သက်သာခွင့် အကျိုးကျေးဇူးများကို ခံစားနိုင်မည်ဖြစ် ကြောင်း၊ ဆွေးနွေးပွဲမှရရှိခဲ့သည့် ဗဟုသုတများနှင့် အတွေ့အကြုံများကို အသုံးပြု၍ ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်ကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားရန် အစိုးရအရာထမ်းများနှင့် ပုဂ္ဂလိကကဏ္ဍကို တိုက်တွန်းလိုကြောင်း ပြောကြား သည်။

ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံမှူးကြီး Mr. Zheng Zhihong က ပြောကြားရာတွင် တရုတ်နိုင်ငံသည် RCEP သဘောတူစာချုပ်အား အရည်အသွေး မြင့်မားစွာဖြင့်  အကောင်အထည်ဖော်နိုင်ရန် အစဉ်အမြဲ မြှင့်တင်ပေးလျက်ရှိကြောင်း၊ စျေးကွက်ဖွင့်လှစ်မှုကတိကဝတ်များအပါအဝင် အကောက်ခွန်လျှော့ချရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်ချက်များတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း၊ RCEP အဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်နိုင်ငံတို့အကြား စုစုပေါင်းကုန်သွယ်မှုသည် သဘောတူစာချုပ် အသက်မဝင်မီ ၂၀၂၁ ခုနှစ်နှင့်နှိုင်းယှဉ်လျှင် ၂၀၁၃ ခုနှစ်တွင် ယွမ် ၁၂.၆ ထရီလီယံအထိ ရောက်ရှိခဲ့ပြီး ၅.၃ ရာခိုင်နှုန်းထိ တိုးလာခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်နိုင်ငံ၏ ကုန်သွယ်မှုပမာဏသည် ယွမ် ၆.၄၁ ထရီလီယံသို့ ရောက်ရှိခဲ့ကြောင်း ပြောကြားသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ ဒုတိယ ဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကားပြောကြားရာတွင် ယခုနှစ်သည် မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု၏ ၈ နှစ်မြောက် နှစ်ပတ်လည်ဖြစ်ကြောင်း၊ အထူးရန်ပုံငွေကို အဖွဲ့ဝင် နိုင်ငံလုံး အတွက် အသုံးပြုရန် တရုတ်နိုင်ငံ တစ်နိုင်ငံတည်း၏ ပံ့ပိုးမှုဖြင့် ၂၀၁၇ ခုနှစ်တွင် တည်ထောင်ခဲ့ ကြောင်း၊ လက်ရှိတွင် အဖွဲ့ဝင်နိုင်ငံ နိုင်ငံ၌ စီမံချက်ပေါင်း ၇၈၀ ကျော်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊  မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကဏ္ဍအပါအဝင် လူ့စွမ်းအားအရင်း အမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍအသီးသီးတွင် အမေရိကန်ဒေါ်လာ ၃၁ သန်းကျော် တန်ဖိုးရှိ စီမံကိန်း ၁၀၆ ခုကို ယနေ့အထိ လက်ခံရရှိထားပြီးဖြစ်ကြောင်းကို ထည့်သွင်းပြောကြား သည်။

အဆိုပါဆွေးနွေးပွဲသို့ တရုတ်၊ ထိုင်းနှင့် ဗီယက်နမ်နိုင်င်ငံတို့မှ ကျွမ်းကျင်ပညာရှင်များက ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်သဘောတူစာချုပ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပိုမိုအဆင်ပြေချောမွေ့စေရန်အတွက် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်ပါ ကုန်စည်ကုန်သွယ်ရေးအခန်း၊ ပင်ရင်းနိုင်ငံစည်းမျဉ်း၊ အကောက်ခွန်သွေဖယ်မှုများ၊ အကောက်ခွန်လုပ်ထုံး လုပ်နည်းများနှင့် ကုန်သွယ်မှုလွယ်ကူ ချောမွေ့စေရေး စသည်တို့ကို ဆွေးနွေးပို့ချသွားမည်ဖြစ်ပြီး RCEP သဘောတူ စာချုပ် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အတွေ့အကြုံများနှင့် စိန်ခေါ်မှု များကိုလည်း မျှဝေသွားမည်ဖြစ်သည်။

ဆွေးနွေးပွဲကို တရုတ်နိုင်ငံ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှ ကိုယ်စားလှယ် ၄၀ ဦး၊ တရုတ်နိုင်ငံမှ ကိုယ်စားလှယ် ၁ ဦး၊ ကမ္ဘောဒီးယားနိုင်ငံမှ ကိုယ်စားလှယ် ၁၀ ဦး၊ လာအိုနိုင်ငံမှ ကိုယ်စားလှယ် ၁၀ ဦး၊ ထိုင်းနိုင်ငံမှ ကိုယ်စားလှယ် ၉ ဦး၊ ဗီယက်နမ်နိုင်ငံမှ ကိုယ်စားလှယ် ၅ ဦး၊ စုစုပေါင်း ၇၅ ဦးတက်ရောက်ကြပြီး ဆွေးနွေးပွဲကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ ၃ ရက်ကြာ နေပြည်တော်၌ လူကိုယ်တိုင်တက်ရောက်သည့် အစီအစဉ်ဖြင့် ကျင်းပခြင်းဖြစ်သည်။

RCEP သဘောတူစာချုပ်သည် အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံနှင့် ဩစတြေးလျ၊ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ နယူးဇီလန်တို့ပါဝင်လက်မှတ်ရေးထိုးခဲ့သည့် ကမ္ဘာ့အကြီးဆုံး လွတ်လပ်သော ကုန်သွယ်မှု သဘောတူစာချုပ်တစ်ခုဖြစ်သည်။ RCEP သဘောတူစာချုပ်တွင် ကုန်စည်၊ ဝန်ဆောင်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ စီးပွားရေးနှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှု၊ အီလက်ထရောနစ် ကူးသန်းရောင်းဝယ်ရေး၊ မူပိုင်ခွင့်၊ အစိုးရဝယ်ယူမှု၊ ယှဉ်ပြိုင်မှု၊ အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် စည်းမျဉ်းအသစ်များ ပါဝင်သည်။