၀န်ကြီးဌာနသတင်းများ

အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပွားလျက်ရှိသော ပဋိပက္ခများနှင့်စပ်လျဉ်း၍ အာဆီယံ စီးပွားရေး အသိုက်အဝန်းကောင်စီ ဝန်ကြီးများအထူးအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ဖိလစ်ပိုင်နိုင်ငံ၊ ကုန်သွယ်မှုနှင့် စက်မှုဝန်ကြီးဌာန၊ အတွင်းရေးမှူး MA. CRISTINA A.ROQUE က ကြီးမှူး၍ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့ရာ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်‌ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အရှေ့အလယ်ပိုင်း ဒေသတွင် ဖြစ်ပွားလျက် ရှိသည့် အခြေအနေများသည် အာဆီယံအတွက် စွမ်းအင်လုံခြုံရေးသာမက စားရေရိက္ခာ စနစ်များ၊ ထောက်ပံ့ရေးကွင်းဆက်များနှင့် စီးပွားရေးစွမ်းဆောင်ရည်များကိုပါ ထိခိုက်စေ နိုင်သည့် စိန်ခေါ်မှုများ ဖြစ်ပေါ်စေပါကြောင်း၊ ကမ္ဘာ့စွမ်းအင်စျေးကွက် မတည်ငြိမ်မှုများသည် စွမ်းအင်တင်သွင်းမှုအပေါ် အထူးမှီခိုနေရသည့် နိုင်ငံများကို ထိခိုက်စေသဖြင့် နေရောင်ခြည် စွမ်းအင်၊ လေစွမ်းအင်နှင့် ရေအားလျှပ်စစ်ကဲ့သို့သော ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်များတွင် ရင်းနှီးမြှုပ်နှံမှုများကိုပိုမိုအရှိန်မြှင့်တင်သင့်ပါကြောင်း၊ ထို့ပြင်အရှေ့အလယ်ပိုင်း အကျပ် အတည်းသည် ကမ္ဘာ့စားရေရိက္ခာ ထောက်ပံ့ရေးကွင်းဆက်နှင့် စျေးနှုန်းတည်ငြိမ်မှုအပေါ် သက်ရောက်နိုင်မှုများနှင့်ပတ်သက်၍ ကုန်သွယ်ရေးလမ်းကြောင်းများ ပြတ်တောက်ခြင်း နှင့်သယ်ယူပို့ဆောင်ရေးစရိတ် မြင့်တက်လာခြင်းတို့သည် စားရေရိက္ခာ တင်သွင်းရသည့် စီးပွားရေးလုပ်ငန်းများအပေါ် ဖိအားဖြစ်စေပါကြောင်း၊ ထို့ကြောင့် အရေးပေါ်စားရေရိက္ခာ အရန်ထားရှိမှုများကို မြှင့်တင်ခြင်း၊ ရာသီဥတုဒဏ်ခံနိုင်သော စိုက်ပျိုးရေးကဏ္ဍတွင် ရင်းနှီး မြှုပ်နှံခြင်းနှင့် ကုန်သွယ်ရေးစီးဆင်းမှုများတွင် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများကို ခိုင်ခိုင်မာမာ ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း ဆွေးနွေးခဲ့သည်။

ထို့အပြင်ပြည်ထောင်စုဝန်ကြီးကအာဆီယံအနေဖြင့် အာဆီယံ စီးပွားရေး အသိုက်အဝန်း မဟာဗျူဟာလုပ်ငန်းစဉ် (၂၀၂၆-၂၀၃၀)  အောက်ရှိ လုပ်ငန်းစဉ်များတွင် ပူးပေါင်း ဆောင်ရွက်မှု များကို ပိုမိုနက်ရှိုင်းစွာ ဆောင်ရွက်သွားရန်မိတ်ဖက်နိုင်ငံများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံမှုများကို ပိုမိုတိုးမြှင့်သွားအာဆီယံဒေသ၏ စွမ်းအင်ကူးပြောင်းမှု၊ နည်းပညာ ဖွံ့ဖြိုးတိုးတက်မှု၊ သတင်းအချက်အလက်ဖလှယ်မှုနှင့် အရင်းအမြစ်များကို စုစည်းနိုင်မည် ဖြစ်ပါကြောင်း အကြံပြုဆွေးနွေးခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် ဒေသတွင်းစီးပွားရေး စွမ်းဆောင်ရည်နှင့် အနာဂတ် အလားအလာများ၊ အရှေ့ အလယ်ပိုင်းဒေသအခြေအနေများကြောင့် ဖြစ်ပေါ်လာနိုင်သော စီးပွားရေးသက်ရောက်မှုများနှင့် ကမ္ဘာ့စွမ်းအင်စျေးကွက်၊ ထောက်ပံ့ရေးကွင်းဆက်များ၊  စားရေ ရိက္ခာလုံခြုံရေး၊ သယ်ယူပို့ဆောင်ရေးနှင့်ထောက်ပံ့ပို့ဆောင်ရေး ကွန်ရက်ပြောင်းလဲမှုများကြောင့် အာဆီယံစီးပွားရေး၏ အဓိကကျောရိုးဖြစ်သော အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) အပါအဝင် ဒေသတွင်းရှိ စီးပွားရေးလုပ်ငန်းများနှင့် ပြည်သူများ အပေါ် အကူအညီပေးရေး ဆိုင်ရာကိစ္စရပ်များ၊ ဒေသတွင်း ယင်းပဋိပက္ခ၏ သက်ရောက်မှုများကို ဖြေရှင်းရန်အတွက် ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များအပေါ် အာဆီယံစီးပွားရေး အသိုက်အဝန်း ကောင်စီဝန်ကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ အာရှဖွံ့ဖြိုးရေးဘဏ်၊  အာဆီယံနှင့် အရှေ့အာရှ စီးပွားရေးသုတေသနအဖွဲ့၊ အာဆီယံ စီးပွားရေးအကြံပေးကောင်စီတို့မှ တာဝန်ရှိသူများက အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပြီး အာဆီယံစီးပွားရေး အသိုက်အဝန်း ကောင်စီ၏ အရှေ့အလယ်ပိုင်းဒေသပဋိပက္ခကြောင့် ဖြစ်ပေါ်လာသည့် စီးပွားရေးဆိုင်ရာ အကျိုးသက်ရောက်မှုများနှင့်စပ်လျဉ်းသည့် ပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့ကြောင်း သတင်း ရရှိသည်။