၀န်ကြီးဌာနသတင်းများ



နေပြည်တော်၊ အောက်တိုဘာလ ၂၇

အာရှဖွံ့ဖြိုးရေးဘဏ် (Asian Development Bank- ADB) ၏ မဟာမဲခေါင်ဒေသခွဲ (Greater Mekong Subregion– GMS) အစီအစဉ်အရ စတုတ္ထအကြိမ် ဂျီအမ်အက်စ်အဆင့်မြင့်အရာရှိများ အစည်းအဝေး (4th Senior Officials’ Meeting- SOM) ကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၂၇ ရက်နေ့ နံနက် ၈: ၃၀ နာရီ တွင် Video Conference စနစ်ဖြင့် ကျင်းပခဲ့သည်။

အစည်းအဝေး၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ Ministry of Finance မှ Director General Mr. Wang Zhongjing က သဘာပတိအဖြစ် ဆောင်ရွက်ပြီး အာရှဖွံ့ဖြိုးရေးဘဏ်မှ Southeast Asia Department မှ Director General Mr. Ramesh Subramaniam က တွဲဘက်သဘာပတိအဖြစ် ဆောင်ရွက်ပါသည်။

အစည်းအဝေး၌ GMS COVID-19 တုံ့ပြန်ရေးအစီအစဉ်၊ GMS မဟာဗျူဟာ ၂၀၃၀ (GMS Strategy 2030)၊ GMS 2030 and Beyond လေ့လာချက်၊ ဒေသတွင်းရင်းနှီးမြှုပ်နှံမှုမူဘောင် (၂၀၂၂) (Regional Investment Framework – RIF) နှင့်စပ်လျဉ်း၍ တိုးတက်မှုများ၊ GMS ဝန်ကြီးများထံတင်ပြမည့် အဆင့်မြင့်အရာရှိများ အစည်းအဝေးရလဒ်၊ ပူးတွဲ ကြေညာချက် စာတမ်းနှင် စပ်လျဉ်း၍  GMS ၏ အတွင်းရေးမှူးရုံး ဖြစ်သည့် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က ရှင်းလင်းတင်ပြခဲ့ကြပြီး နိုဝင်ဘာလ ၄ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ၂၄ ကြိမ်မြောက် GMS ဝန်ကြီးများ အစည်းအဝေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို အိမ်ရှင်အဖြစ် ကျင်းပမည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံက လည်းကောင်း နှင့် ၂၀၂၁ ခုနှစ် မတ်လတွင် ကျင်းပပြုလုပ်ရန် လျာထားသည့် ၇ ကြိမ်မြောက် GMS ထိပ်သီးအစည်းအဝေး ကျင်းပရေးအတွက် ပြင်ဆင် ဆောင်ရွက်မှုအခြေအနေတို့ကို အိမ်ရှင်နိုင်ငံအဖြစ် ဆောင်ရွက်ရမည့် ကမ္ဘောဒီးယားနိုင်ငံက လည်းကောင်း ရှင်းလင်းတင်ပြခဲ့ပါသည်။  အဆိုပါရှင်းလင်းတင်ပြမှုများ နှင့် ပြင်ဆင်ဆောင်ရွက် ထားရှိမှုများအပေါ် GMS အဖွဲ့ဝင်နိုင်ငံများမှ အဆင့်မြင့်အရာရှိကြီးများက ပြန်လည် သုံးသပ်ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါ အစည်းအဝေးသို့ GMS အဖွဲ့ဝင် နိုင်ငံ (၆) နိုင်ငံဖြစ်သည့် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ အဆင့်မြင့်အရာရှိများနှင့် အာရှဖွံဖြိုးရေးဘဏ်မှ တာဝန်ရှိ သူများ စုစုပေါင်း ၇၀ ကျော် တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံမှ GMS ဆိုင်ရာ နိုင်ငံညှိနှိုင်းရေး မှူးဖြစ်သူ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော် ဦးဆောင်၍ သက်ဆိုင်ရာဌာနများမှ အဆင့်မြင့်အရာရှိများပါဝင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ က Video Conference စနစ်ဖြင့် ပါဝင်တက်ရောက်ခဲ့ပါသည်။