၀န်ကြီးဌာနသတင်းများ


နေပြည်တော်၊ အောက်တိုဘာလ ၁၄ ရက်

COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီ၏ အစည်းအဝေးအမှတ်စဉ် (၁၀/၂၀၂၀ကို ယနေ့နေ့လယ် ၂ နာရီတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၁) တွင် ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့ပါသည်။

အစည်းအဝေးသို့ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနှင့် လုပ်ငန်းကော်မတီဝင် ပြည်ထောင်စု ဝန်ကြီးများဖြစ်သော စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပါသည်။

အစည်းအဝေးတွင် လုပ်ငန်းကော်မတီ ဥက္ကဋ္ဌက ယနေ့အထိ အစည်းအဝေး ၉ကြိမ် ကျင်းပခဲ့ပြီး ဆုံးဖြတ်ချက် (၁၀၉ချက်ချမှတ်ကာ ဆောင်ရွက်ရန် ကိစ္စရပ်များကို အကောင်အထည်ဖော်နိုင်ရေးအတွက်ကော်မတီက ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မိမိတို့ လုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်တစ်ခုဖြစ်သည့် COVID-19 ကြောင့် ထိခိုက်မှုရှိခဲ့သည့် ကဏ္ဍများမှ စီးပွားရေးလုပ်ငန်းများအတွက် ချေးငွေထုတ်ပေးရေးကိုလည်းဆက်လက် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပထမအကြိမ်အဖြစ် လုပ်ငန်းပေါင်း ၃၃၉၃ ခုသို့ ငွေပမာဏ ကျပ် ၁၀၁.၁၂၈ ဘီလီယံ ထုတ်ပေးရန် စိစစ်ခွင့်ပြုခဲ့သည့်အနက်  လုပ်ငန်း ၃၂၃၉ ခုသို့ ကျပ် ၉၇.၀၅၀ ဘီလီယံ ထုတ်ပေးပြီး ဖြစ်ပါကြောင်း၊ ဆက်လက်၍ ကျန်ရှိသည့် လုပ်ငန်း ၁၅၄ ခုသို့  ချေးငွေကျပ် ၄.၀၇၈ ဘီလီယံ ဆက်လက်ထုတ်ပေးရေး မြန်မာ့စီးပွားရေးဘဏ်က ဆောင်ရွက် လျက်ရှိပါကြောင်း၊ ဒုတိယအကြိမ် ချေးငွေထုတ်ပေးနိုင်ရေးအတွက် နိုင်ငံတော်ကကျပ် ဘီလီယံ ၁၀၀ ထပ်မံလျာထားပေးခဲ့ပြီးပထမအသုတ်အဖြစ် လုပ်ငန်း ၁၀၄၁ ခုသို့ ကျပ် ၂၀.၇၇၇ ဘီလီယံခွင့်ပြုပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ယနေ့အစည်းအဝေးတွင် ထပ်မံ၍ လုပ်ငန်း ၁၂၀၀ ခုသို့ ကျပ် ၂၁.၁၂၂ ဘီလီယံထုတ်ပေးနိုင်ရေးအတွက် အတည်ပြုပေးမည်ဖြစ်ပါကြောင်း၊ ဤသို့ အတည်ပြုပြီးပါကဒုတိယအကြိမ် ချေးငွေမှ ကဏ္ဍအလိုက် ခွင့်ပြုထုတ်ပေးနိုင်မှုသည် စုစုပေါင်းလုပ်ငန်း ၂၂၄၁ ခုရှိလာမည်ဖြစ်ပြီးငွေပမာဏမှာကျပ် ၄၁.၈၉၉ ဘီလီယံရှိလာမည် ဖြစ်ပါကြောင်း၊ ကဏ္ဍတစ်ခုချင်းအလိုက် ချေးငွေထုတ်ပေးနိုင်မှုအခြေအနေမှာအောက်ပါ အတိုင်းဖြစ်ပါကြောင်း -

(၁)     စိုက်ပျိုးရေးကဏ္ဍ                လုပ်ငန်း    ၄၁          ကျပ်  ၁၀၁၀ သန်း။

(၂)      မွေးမြူရေးကဏ္ဍ                 လုပ်ငန်း  ၁၈၂           ကျပ်  ၂၉၅၇ သန်း။

(၃)     ရေလုပ်ငန်းကဏ္ဍ                လုပ်ငန်း    ၉၃          ကျပ်   ၂၂၁၈ သန်း။

(၄)     ပို့ကုန်လုပ်ငန်း ကဏ္ဍ            လုပ်ငန်း    ၄၂           ကျပ်  ၁၇၇၀ သန်း။

(၅)     သွင်းကုန်အစားထိုးကဏ္ဍ      လုပ်ငန်း   ၁၅၃         ကျပ်   ၃၄၃၂ သန်း။

(၆)     Supply Chain လုပ်ငန်းများ   လုပ်ငန်း    ၄၉          ကျပ်   ၁၂၅၇ သန်း။

(၇)     စားသောက်ကုန်ကဏ္ဍ လုပ်ငန်း ၁၅၇၀         ကျပ် ၂၇၅၆၀ သန်း။

(၈)     ပြည်ပအလုပ်အကိုင်             လုပ်ငန်း     ၇၀         ကျပ်     ၈၇၀ သန်း။

          ရှာဖွေရေးလုပ်ငန်းများ

(၉)     အသက်မွေးပညာသင်           လုပ်ငန်း     ၄၁         ကျပ်     ၈၂၅ သန်း။

          လုပ်ငန်းများ

          စုစုပေါင်း                           လုပ်ငန်း ၂၂၄၁           ကျပ် ၄၁၈၉၉ သန်း။

ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာများသို့ ချေးငွေထုတ်ပေးနိုင်ရေးအတွက် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနကကျပ် ၁၅ ဘီလီယံသီးခြားလျာထား ပေးပြီးဖြစ်ပါကြောင်း၊ အဆိုပါ ချေးငွေအား ဆောလျင်စွာ ထုတ်ပေးနိုင်ရေးအတွက် လုပ်ငန်းအဖွဲ့က ဆက်လက်ဆောင်ရွက်ပေးသွားရန်ဖြစ်ပါကြောင်း၊ COVID-19 ကြောင့် စီးပွားရေး ထိခိုက်မှုများအပေါ် မိမိတို့လုပ်ငန်းကော်မတီက ကုစားရေးဆောင်ရွက်ပေးမှုနှင့် ပတ်သက်၍ သက်ရောက်မှု ဆန်းစစ်ခြင်း(Impact Assessment) ဆောင်ရွက်ကာ အဆိုပါဆန်းစစ်ချက်အပေါ်မူတည်၍ မိမိတို့ လုပ်ငန်းကော်မတီအနေဖြင့် မည်သို့ဆက်လက် ကုစားဆောင်ရွက်သင့်သည်ကို သုံးသပ်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားပါသည်။

ထို့နောက် လုပ်ငန်းကော်မတီဝင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက နိုင်ငံ့ဝန်ထမ်းများအတွက် ကြိုတင်လစာချေးငွေထုတ်ပေးမှု အခြေအနေ၊ ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာများသို့ ချေးငွေထုတ်ပေးနိုင်ရေး အတွက် မြန်မာ့စီးပွားရေးဘဏ်သို့ ရန်ပုံငွေဖြည့်တင်းထားမှုအခြေအနေ၊ အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းသို့ချေးငွေထုတ်ပေးရေးနှင့် စပ်လျဉ်း၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်နေမှုအခြေအနေအပါအဝင် လုပ်ငန်းကော်မတီ၏ လုပ်ငန်းများအပေါ်တွင် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ဆွေးနွေးတင်ပြပါသည်။ ဆက်လက်၍ လုပ်ငန်းကော်မတီဝင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေ ကချေးငွေများအား ပုဂ္ဂလိကဘဏ်များမှ ထုတ်ပေးရာတွင် COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရေးနှင့် ချေးငွေထုတ်ပေး နိုင်ရေးစိစစ်ခြင်းကို မှန်ကန်တိကျမှုပိုမိုကောင်းမွန်စေရေးအတွက် အချိန်ယူ ဆောင်ရွက်ခဲ့ရသော်လည်း ချေးငွေများ ထုတ်ပေးခြင်းကို မြန်ဆန်သွက်လက်စွာ ဆောင်ရွက်ပေးရေးနှင့်ပတ်သက်၍လည်းကောင်း၊ လုပ်ငန်းကော်မတီဝင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ချေးငွေထုတ်ပေးပြီး နောက်ပိုင်းတွင် လုပ်ငန်းရှင်များကရရှိသည့် ချေးငွေအပေါ် အသုံးပြုဆောင်ရွက်မှုအခြေအနေ ကိုလည်းဆန်းစစ်သုံးသပ်ရန် အစီအစဉ်များနှင့် ပတ်သက်၍ လည်းကောင်း၊ လုပ်ငန်းကော်မတီဝင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဥက္ကဋ္ဌဦးကျော်ကျော်မောင် က ပုဂ္ဂလိကဘဏ်များအနေဖြင့် ဘဏ်လုပ်ငန်းများအရှိန်မပျက် ဆောင်ရွက်လျက်ရှိသည့်အခြေအနေနှင့် နိုင်ငံတော်မှ ချေးငွေထုတ် ချေးခြင်းအပါအဝင် အခြားထောက်ပံ့ ကူညီမှုများနှင့် ပတ်သက်၍ မည်မျှကျခံ ဆောင်ရွက်ပေးထား သည်ကို စုစည်းတွက်ချက်ထားရှိရေးတို့နှင့်ပတ်သက်၍ ဆွေးနွေးကြပါသည်။ 

ဆက်လက်၍ အစည်းအဝေး တက်ရောက်လာကြသူများက လုပ်ငန်းကော်မတီမှ ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်များ အပေါ် ပြန်လည်သုံးသပ်ကြပြီး လုပ်ငန်းကော်မတီသို့ ဌာန၊ အဖွဲ့အစည်းအသီးသီးက တင်ပြထားရှိသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးဆုံးဖြတ်ကြပါသည်။