၀န်ကြီးဌာနသတင်းများ



နေပြည်တော်၊ ဇူလိုင်လ ၁၇ ရက်


(၁၃) ကြိမ်မြောက် မဲခေါင်-ဂျပန် စက်မှုကဏ္ဍနှင့်အစိုးရများအကြား ဆွေးနွေးပွဲနှင့် အေမက်အရှေ့ အနောက် စီးပွားရေးစင်္ကြံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းအဖွဲ့၏ (၁/၂၀၂၀) ကြိမ်မြောက် ပူးတွဲ အစည်းအဝေးကို ယနေ့နံနက် (၉:၃၀) နာရီတွင် video conferencing စနစ်ဖြင့် ကျင်းပရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဗရတ်ဆင်း ပါဝင်တက်ရောက် ဆွေးနွေးသည်။

အစည်းအဝေးတွင် ထိုင်းနိုင်ငံ၊ ပို့ဆောင်ရေးဝန်ကြီး H.E. Saksayam Chidchob နှင့် ဂျပန်နိုင်ငံ၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H.E. Shigehiro Tanaka တို့က ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ပြီး မဲခေါင်နိုင်ငံများ၏ ဒုတိယဝန်ကြီးများ၊ ပုဂ္ဂလိကကဏ္ဍ ကိုယ်စားလှယ်များနှင့် ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများ၊ အေမက် အတွင်းရေးမှူးချုပ်ရုံးနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံး ကိုယ်စားလှယ်များ ပါဝင်တက် ရောက်ပါသည်။

အစည်းအဝေး၌ ဂျပန်နိုင်ငံက COVID-19 ကြောင့် ဖြစ်ပေါ်လာသော လူမှုစီးပွား ထိခိုက်မှုများနှင့် စိန်ခေါ်မှုများကို တုံ့ပြန်နိုင်ရေးအတွက် မဲခေါင်စက်မှုဖွံ့ဖြိုးတိုးတက်ရေး မျှော်မှန်းချက် (၂) ၏ ဉီးတည်ချက်ကို လိုက်လျောညီထွေဖြစ်စေရန်နှင့် လုပ်ငန်း အစီအစဉ် များ ဆက်လက်ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အခြေအနေကို တင်ပြရာ မဲခေါင်နိုင်ငံများ၏ ဒုတိယဝန်ကြီးများက အဆိုပါ မျှော်မှန်းချက် (၂)တွင် ထည့်သွင်းရန် နိုင်ငံအလိုက် အဆိုပြုထားသည့် စီမံကိန်းများနှင့် စပ်လျဉ်းပြီး ရှင်းလင်း ဆွေးနွေးကြပါသည်။

ဒုတိယဝန်ကြီးက မဟာမဲခေါင်ဒေသတစ်ဝန်းတွင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့စေရန် ရည်ရွယ်၍ မြန်မာ-ထိုင်း နယ်စပ်တစ်လျှောက်တွင် ရထားလမ်းနှင့် ကားလမ်းများ အသစ်ဖောက်လုပ် ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ အဆင့်မြှင့်တင် ရန်အတွက် ဖြစ်မြောက်နိုင်စွမ်းလေ့လာမှု ဆောင်ရွက်ရန် စီမံကိန်းများ အပါအဝင် မြန်မာနိုင်ငံအနေဖြင့် ဦးစားပေးဆောင်ရွက်ရန် အဆိုပြုထားသည့် စီမံကိန်းများကို လည်းကောင်း၊ COVID-19 ကပ်ရောဂါကြောင့် ကြုံတွေ့နေရသည့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရေးအတွက် မြန်မာနိုင်ငံ၏ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ စွမ်းဆောင်ရည်မြှင့်တင်မှု အစီအစဉ်များနှင့် အဆိုပါလုပ်ငန်းများ၏ ယှဉ်ပြိုင် နိုင်စွမ်း ပိုမိုမြင့်မားလာစေရေးအတွက် စံချိန်စံညွှန်းတိုးတက်စေမည့် အစီအစဉ်များကို လည်းကောင်း အဆိုပြုရှင်းလင်းတင်ပြသည်။

အစည်းအဝေးသို့ ဒုတိယဝန်ကြီးနှင့်အတူ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန၊ စက်မှုပူးပေါင်း ဆောင်ရွက်ရေးဦးစီးဌာန၊ မြန်မာ့မီးရထားနှင့် လမ်းဦးစီးဌာန တာဝန်ရှိသူများ ပါဝင် တက်ရောက်ခဲ့ကြသည်။