၀န်ကြီးဌာနသတင်းများ




နေပြည်တော်၊ ဩဂုတ်လ ၂၇ ရက်

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦး‌ဗရတ်ဆင်းသည် ယနေ့မွန်းလွဲ ၂ နာရီတွင် Video Conferencing စနစ်ဖြင့် ကျင်းပသည့်
(၁၂) ကြိမ်မြောက် မဲခေါင်−ဂျပန် စီးပွားရေးဝန်ကြီးများအစည်းအဝေးသို့ ရုံးအမှတ် (၁) မှ ပါဝင်တက်ရောက် ဆွေးနွေးသည်။

အစည်းအဝေး၌ စီးပွားရေးဝန်ကြီးများက ကမ္ဘာ့ကပ်ရောဂါ COVID-19 ကြောင့် လတ်တလော စီးပွားရေးကြပ်တည်းနေချိန်တွင် အဓိကမဏ္ဍိုင် (၃) ရပ်ဖြစ်သည့် ပေါင်းစပ် ဆက်သွယ်မှု (Connectivity)၊ ဒစ်ဂျစ်တယ် တီထွင်ဆန်းသစ်မှု (Digital Innovations)၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်များ (SDGs) တို့ပါဝင်သော မဲခေါင်စက်မှုဖွံ့ဖြိုးရေး မျှော်မှန်းချက် (၂) (Mekong Industrial Development Vision – MIDV 2.0) ၂၀၂၀−၂၀၂၃ က မဲခေါင်ဒေသအတွင်း အချိုးညီညီဖွံ့ဖြိုးတိုးတက်ရေးနှင့် ပိုမိုကြံ့ခိုင်သော စီးပွားရေးသို့ အသွင် ကူးပြောင်းရေးတို့တွင် အဓိကကျကြောင်း ဆွေးနွေးကြသည်။

ဝန်ကြီးများက MIDV 2.0 ကို အကောင်အထည်ဖော်ရန်အတွက် မဲခေါင်နိုင်ငံများ၊ ဂျပန်နိုင်ငံနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်များက အဆိုပြုထားသည့် ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများ ပါဝင်သော လုပ်ငန်းအစီအစဉ်ကို ကြိုဆိုကြသည်။

ထို့အပြင် ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၁၇ ရက်နေ့တွင် Video Conferencing ဖြင့် ကျင်းပ ခဲ့သည့် (၁၃) ကြိမ်မြောက် မဲခေါင်−ဂျပန် စက်မှုကဏ္ဍနှင့် အစိုးရတို့အကြား ဆွေးနွေးပွဲမှ ထွက်ပေါ်လာသည့် ရလဒ်များကို ပုဂ္ဂလိကကဏ္ဍ ကိုယ်စားလှယ်များက အစည်းအဝေးသို့  တင်ပြကြသည်။

ဒုတိယဝန်ကြီးက ဆွေးနွေးရာတွင် မဲခေါင်စက်မှုဖွံ့ဖြိုးရေး မျှော်မှန်းချက် (၂) သည် မဲခေါင်ဒေသအတွင်း COVID-19 ကြောင့် ဖြစ်ပေါ်လျက်ရှိသည့် စီးပွားရေးနှင့် လူမှုရေးစိန်ခေါ်မှု များကို ဖြေရှင်းနိုင်မည့်အပြင် အနာဂတ်တွင် ကြုံတွေ့လာနိုင်သည့် အလားတူ အကြပ်အတည်း များကိုပါ ကြံ့ကြံ့ခံနိုင်မည့် လမ်းညွှန်အစီအစဉ်တစ်ခု ဖြစ်ကြောင်း ထောက်ခံဆွေးနွေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးက လုပ်ငန်းအစီအစဉ်တွင် ပါဝင်သည့် စီမံကိန်းများအနက် မြန်မာနိုင်ငံတွင် လက်ရှိဆောင်ရွက်လျက်ရှိသော မြန်မာ့အလိုအလျောက် ကုန်စည်ရှင်းလင်းရေး စနစ် (Myanmar Automatic Cargo Clearance System – MACCS) နှင့်စပ်လျဉ်း၍ စွမ်းဆောင်ရည်မြှင့်တင်မှု အစီအစဉ်များ၊ သီလဝါအထူးစီးပွားရေးဇုန်တွင် အခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ စသည်တို့တွင် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးအဖွဲ့ (Japan International Cooperation Agency – JICA) ၏ အကူအညီဖြင့် ဆက်လက် ဆောင်ရွက်နေမှုများ၊ အရှေ့အနောက် စီးပွားရေးစင်္ကြံ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အရေးပါသည့် တံတား (၃) စင်းကို ပြန်လည်မွမ်းမံခြင်း စီမံကိန်း များအတွက်လည်း ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့သည်။

အစည်းအဝေးသို့ မဲခေါင်နိုင်ငံများနှင့် ဂျပန်နိုင်ငံတို့မှ စီးပွားရေးဝန်ကြီးများ၊ အာဆီယံ အတွင်းရေးမှူးချုပ်၊ ဖွံ့ဖြိုးမှုမိတ်ဖက် များ၊ ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ်များနှင့် အေမက်အတွင်းရေးမှူးရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။