၀န်ကြီးဌာနသတင်းများ


နေပြည်တော် ဇန်နဝါရီလ ၂၂  


ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းသည် ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ Country Director၊ Mr. Gevorg Sargsyan အား ယနေ့နံနက် ၁၀:၀၀ နာရီတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။


ထို့သို့တွေ့ဆုံရာတွင် ကမ္ဘာ့ဘဏ်မှ ချေးငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရန်ရှိသည့် ကျန်းမာရေး နှင့် ပညာရေးကဏ္ဍဆိုင်ရာ စီမံကိန်းတို့အား ဆက်လက်အကောင်အထည်ဖော်နိုင် ရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ်အတွင်း နှစ်ဖက်ညှိနှိုင်း ၍ အတည်ပြုချက် ရယူဆောင်ရွက်ရန် စီစဉ်လျက်ရှိသည့် လျှပ်စစ်စွမ်းအား ထိရောက်တိုးတက်စေ ရေးစီမံချက်၊ ကျန်းမာရေးဆိုင်ရာစီမံချက် နှင့် ငြိမ်းချမ်းသာယာသော လူထုစီမံချက်တို့နှင့် ပတ်သက်၍  ဆွေးနွေးကြသည်။


ကမ္ဘာ့ဘဏ်မှ ယခုလတွင် ထုတ်ပြန်ခဲ့သည့် မြန်မာစီးပွားရေးလေ့လာမှုအစီရင်ခံစာ (Myanmar Economic Monitor- MEM) တွင် ကမ္ဘာ့လုံး ဆိုင်ရာ စီးပွားရေးနှေးကွေးလာမှုနှင့် ပြည်တွင်း ရေးရာကိစ္စရပ်များရှိနေသော်လည်း မြန်မာနိုင်ငံ၏ စီးပွားရေးသည် ကြံ့ကြံ့ခံရပ်တည်နိုင်စွမ်းကို ဆက်လက်ပြသလျက်ရှိကြောင်း၊ နိုင်ငံ၏ စီးပွားရေး တိုးတက်မှုနှုန်းသည် ကုန်ထုတ်လုပ်ရေးနှင့် ဝန်ဆောင်မှုကဏ္ဍများတွင် အားကောင်းလာမှုကြောင့် ၂၀၁၈/၂၀၁၉ ခုနှစ်တွင် ၆.၃ ရာခိုင်နှုန်း တိုးတက်လာမည်ဟု ခန့်မှန်ထားကြောင်း ဖော်ပြထားပါသည်။


အဆိုပါတွေ့ဆုံပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးဗရတ်ဆင်းနှင့် သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ ပါဝင်တက်ရောက်ခဲ့ကြောင်း သတင်းရရှိ သည်။