၀န်ကြီးဌာနသတင်းများ




နေပြည်တော်၊ နိုဝင်ဘာလ ၂၇

ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ ဒုတိယအကြိမ် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ ရုံးအမှတ်(၁) ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ စမ်းမြိုင်တောရကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တသူရိယ အမှူးပြု၍ သံဃာတော်များ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက စမ်းမြိုင်တောရကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တသူရိယအား ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းပါသည်။ ၎င်းနောက် ဒုတိယဝန်ကြီး ဉီးဗရတ်ဆင်းနှင့်  အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦး၊ နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်နှင့် ဝန်ထမ်းများမှ သံဃာတော်များအား ကထိန်သင်္ကန်းနှင့် လှူဒါန်းဝတ္ထုပစ္စည်းများ ကို အသီးသီးဆက်ကပ် လှူဒါန်းကြပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်  ဧည့်ပရိတ်သတ်များက စမ်းမြိုင် တောရကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တသူရိယထံမှ ကထိန်အနုမောဒနာ တရား နာကြားပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက် သွန်းလောင်းအမျှဝေပေးကြပါသည်။ အခမ်း အနား အပြီးတွင် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြပါသည်။

ဆွမ်းဆက်ကပ်ပွဲသို့ စုစုပေါင်းဧည့်ပရိတ်သတ် အင်အား ၂၅ ဦးသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့ကြပါသည်။