၀န်ကြီးဌာနသတင်းများ


နေပြည်တော်၊ ဒီဇင်ဘာ ၈

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးသံအမတ်ကြီး H.E. Mr. Ronen Gilor ကို ယနေ့ နံနက် ၁၀ နာရီအချိန်တွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေး၊ နည်းပညာနှင့် သက်မွေးပညာ၊ ကျန်းမာရေးနှင့် သတင်းအချက်အလက်နှင့် နည်းပညာကဏ္ဍ ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။


ထိုသို့ တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက အစ္စရေးနိုင်ငံနှင့် လက်ရှိ ပူးပေါင်းဆောင်ရွက် လျက်ရှိသည့် စိုက်ပျိုးရေးကဏ္ဍ၊ အထူးသဖြင့် အရည်အသွေးမြင့် မျိုးစေ့များ ထုတ်လုပ်ရေး၊ မြန်မာ့သစ်သီးဝလံများကို တန်ဖိုးမြှင့်ဈေးကွက်များသို့ အရည်အသွေးမီတင်ပို့နိုင်ရေးအတွက် ရိတ်သိမ်းချိန်လွန် နည်းပညာကဏ္ဍတွင် နည်းပညာ အကူအညီ ရရှိရေး ဆွေးနွေးခဲ့သည်။


ဆက်လက်၍ နည်းပညာနှင့် သက်မွေးပညာ လေ့ကျင့်သင်ကြားရေးကဏ္ဍဆိုင်ရာ အစ္စရေး နိုင်ငံ၏ အတွေ့အကြုံများကို မျှဝေပေးရေးနှင့် ကျန်းမာရေးကဏ္ဍ အထူးသဖြင့် ဆေးဝါး ထုတ်လုပ်ရေးနှင့် ကုသရေးတို့တွင် အစ္စရေးနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ခဲ့သည်။


ထို့အပြင် ပြည်ထောင်စုဝန်ကြီးနှင့် သံအမတ်ကြီးတို့သည် နှစ်နိုင်ငံအကြား လက်ရှိ ပူးပေါင်း ဆောင်ရွက်နေသည့်ကဏ္ဍများတွင် ပိုမိုတိုးမြှင့် ပူးပေါင်းဆောင်ရွက်မည့် အလားအလာများကို အမြင်ခြင်းဖလှယ် ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။


အစည်းအဝေးသို့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် အကြီးတန်းအရာရှိများ ပါဝင်တက်ရောက်ခဲ့သည်။