၀န်ကြီးဌာနသတင်းများ





နေပြည်တော် ဇူလိုင် ၆


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရသို့ ဂျပန်နိုင်ငံအစိုးရက ပေးအပ်သည့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပညာသင်ဆုပေးရေးစီမံချက်အတွက် အကူအညီ ဂျပန်ယန်း ၆၂၇ သန်းပေးရေးဆိုင်ရာ စာချွန်လွှာကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရကိုယ်စား ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဗရတ်ဆင်းနှင့် ဂျပန်နိုင်ငံအစိုးရကိုယ်စား မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး Mr. MAYUYAMA Ichiro တို့က ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင် ၆ ရက်နေ့တွင် အပြန်အလှန် လက်မှတ် ရေးထိုးလဲလှယ်ကြသည်။


အဆိုပါအကူအညီပေးမည့် စီမံချက်သည် ပညာရေးကဏ္ဍတွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အကျိုးဖြစ်ထွန်းစေမည်ဖြစ်ပြီး ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် ဖွင့်လှစ်မည့် မဟာဘွဲ့သင်တန်းသို့ ကျောင်းသား ၄၄ ဦးနှင့် ပါရဂူဘွဲ့သင်တန်းသို့ ကျောင်းသား ၄ ဦး စေလွှတ်နိုင်မည်ဖြစ်သည်။


အဆိုပါစီမံချက်ကို မြန်မာနိုင်ငံတွင် ၂၀၀၁ ခုနှစ်၌ စတင်အကောင်အထည်ဖော်ခဲ့ပြီး လက်ရှိအချိန်အထိ ပညာတော်သင် ကျောင်းသား စုစုပေါင်း ၅၄၅ ဦးကို ဂျပန်နိုင်ငံသို့ စေလွှတ် ပြီးဖြစ်သည်။