၀န်ကြီးဌာနသတင်းများ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနနှင့် နော်ဝေနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနတို့အကြားဖွံ့ဖြိုးတိုးတက်မှုပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သက်တမ်းတိုးနားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို ယနေ့မွန်းလွဲ ၁၂:၃၀ နာရီ တွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ နေပြည်တော်၌ ကျင်းပပါသည်။

လက်မှတ်ရေးထိုးပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊အမြဲတမ်း အတွင်းဝန် ဦးအောင်နိုင်ဦးနှင့်တာဝန်ရှိသူများနော်ဝေနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ State Secretary, H.E. Ms. Marianne Hagen၊ မြန်မာနိုင်ငံဆိုင်ရာ နော်ဝေသံအမတ်ကြီး H.E. Ms. Tone Tinnes နှင့် နော်ဝေသံရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အဆိုပါ သက်တမ်းတိုးနားလည်မှုစာချွန်လွှာကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရကိုယ်စား ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦး နှင့် နော်ဝေနိုင်ငံအစိုးရကိုယ်စား နိုင်ငံခြားရေးဝန်ကြီးဌာန၊ State Secretary, Ms. Marianne Hagen တို့က လက်မှတ်ရေးထိုးကြသည်။

သက်တမ်းတိုးနားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခြင်းအားဖြင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများ၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီလုပ်ငန်းစဉ်ထူထောင်ရေးတို့တွင် အထောက်အပံ့ကောင်းများ ရရှိစေမည်ဖြစ်ပါသည်။