၀န်ကြီးဌာနသတင်းများ


နေပြည်တော်၊ အောက်တိုဘာ၂၂

ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသောင်းထွန်း နှင့် စင်ကာပူနိုင်ငံကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးH.E. Chan Chun Sing တို့သည်ယနေ့နံနက် ၁၀:၀၀နာရီတွင် Video Conferencing စနစ်ဖြင့်တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးနှင့် စင်ကာပူနိုင်ငံကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး တို့သည် အာဆီယံစီးပွားရေးအသိုက်အဝန်း အကောင်အထည်ဖော်မှုနှင့် တိုးတက်မှုအခြေအနေများ၊ ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု (RCEP) ဆိုင်ရာ သဘောတူစာချုပ် လက်မှတ် ရေးထိုးရေးနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များ၊ နှစ်နိုင်ငံရင်းနှှီးမြှုပ်နှံမှု မြှင့်တင်ရေး ဆိုင်ရာ ကိစ္စရပ်များ၊ အထူးသဖြင့်စင်ကာပူနိုင်ငံက လက်ရှိရင်းနှီးမြုပ်နှံ ဆောင်ရွက်လျက် ရှိသည့်အရည်အသွေးမြင့် ဆန်စပါးထုတ်လုပ်မှုကို ပိုမိုတိုးချဲ့ဆောင်ရွက်ရေး၊ မွေးမြူရေးနှင့် ရေထွက်ပစ္စည်းကဏ္ဍတွင် ပိုမိုပူးပေါင်းဆောင်ရွက်ရေးနှင့် မြန်မာ့သစ်သီးဝလံများ စင်ကာပူ ဈေးကွက်သို့ချဲ့ထွင်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ ထို့အပြင်ဝန်ကြီးများက ဆိုလာစွမ်းအင် ထုတ်လုပ်ရေးတွင် စင်ကာပူနိုင်ငံက ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေး ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြပါသည်၊

အဆိုပါတွေ့ဆုံပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်တို့ ပါဝင် တက်ရောက်ခဲ့ကြသည်။