၀န်ကြီးဌာနသတင်းများ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး/ ပြည်ထောင်စု အစိုးရ အဖွဲ့၏ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း ဦးဆောင်ပြီး ပြည်ထဲရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ၊ ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဉီးကိုကိုရှိန် တို့ပါဝင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ အူဖာမြို့၌  ဇွန်လ ၁၈ ရက်နေ့ မှ ၂ ရက်နေ့ အထိ ကျင်းပသည့် (၁၀)ကြိမ်မြောက် လုံခြုံရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီး များ၏ အပြည်ပြည်ဆိုင်ရာ အစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့ပါသည်။

 ပြည်ထောင်စုဝန်ကြီး သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ လုံခြုံရေးကောင်စီ အတွင်းရေးမှူး H.E. Mr. Nikolai Patrushev အား ဇွန်လ ၁၇ ရက်နေ့တွင် အူဖာမြို့ရှိ Parkovy Complex Kaminny Hall သို့ သွားရောက်တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ကုလသမဂ္ဂ မျက်နှာစာနှင့် နိုင်ငံတကာရေးရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြ ပါသည်။

အပြည်ပြည်ဆိုင်ရာအစည်းအဝေး၌ နိုင်ငံတကာတွင် ခြိမ်းခြောက်မှု မျိုးစုံ တိုးပွားလာနေမှုအား ဆွေးနွေး ညှိနှိုင်းအဖြေရှာရေး၊ အကြမ်းဖက်မှုအယူအဆ ပြန့်ပွားမှု တိုက်ဖျက်ရန်နှင့် တစ်ကိုယ်တော် အကြမ်းဖက် သမားများ၏ အစွန်းရောက်လုပ်ရပ်များအား တုံ့ပြန်ရန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု မြင့်မား လာစေရေး၊ နိုင်ငံတကာ အကြမ်းဖက်အဖွဲ့အစည်းများ ၏ပြောင်းလဲလာသော နည်းဗျူဟာ များအား ပြန်လည်တုံ့ပြန်နိုင်ရေး၊ မဟာဗျူဟာမြောက် တည်ငြိမ်မှု ထိန်းသိမ်း ထားရှိနိုင်ရေး၊  အရေးပေါ် လူသားချင်း စာနာထောက်ထားမှု အကူအညီပေးနိုင်ရေးနှင့်  နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ရှင်သန် ခိုင်မာစေရေး၊ ကမ္ဘာလုံး ဆိုင်ရာ သတင်း အချက်အလက် နယ်ပယ်တွင် မဟာဗျူဟာမြောက် တည်ငြိမ် အေးချမ်းမှုအတွက် အာမခံနိုင်မှုအဖြစ် နိုင်ငံတကာ သတင်းအချက်အလက် လုံခြုံမှုစနစ် ထူထောင်ရေး တို့အား ဆွေးနွေးခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီးသည် ဇွန်လ ၁၈ ရက်နေ့ မွန်းလွဲပိုင်း မျက်နှာစုံညီ အစည်းအဝေးတွင်  “ခြိမ်းခြောက်မှု မျိုးစုံ တိုးပွားလာနေမှုနှင့် ရင်ဆိုင်နေရသည့် နိုင်ငံများ၏ အမျိုးသားလုံခြုံရေးနှင့် ရေရှည်တည်တံ့သည့် လူမှုစီးပွား ဖွံဖြိုးတိုးတက်မှု  ခိုင်မာမှုရရှိစေရေး” ခေါင်းစဉ်အောက်၌ မိန့်ခွန်းပါဝင်ပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးသည် အဆိုပါနေ့တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ လုံခြုံရေးကောင်စီ အတွင်းရေးမှူး H.E. Mr. Nikolai Patrushev က အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များအား တည်ခင်း ဧည့်ခံသည့် နေ့လယ်စားစာပွဲသို့လည်း ပါဝင်တက်ရောက်ခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးသည် ဇွန်လ ၁၉ ရက်နေ့တွင် မော်စကိုမြို့၌ ရုရှားနိုင်ငံ၊ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာန၊ ဝန်ကြီး H.E. Mr. Maxim Oreshkin နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံစီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်နိုင်ရေးအတွက် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြ ပါသည်။ အဆိုပါဆွေးနွေးပွဲသို့ ရုရှားနိုင်ငံ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H.E. Mr. Tumur Maximov နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာသံအမတ်ကြီး ဦးကိုကိုရှိန်တို့လည်း ပါဝင် တက်ရောက်ခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီးသည် ရုရှားနိုင်ငံ၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် မြန်မာ-ရုရှားစီးပွားရေးဆွေးနွေးပွဲသို့လည်း ပါဝင်တက်ရောက် ခဲ့ပြီး၊ နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများ၊ အသေးစားနှင့် အလတ်စားလုပ်ငန်းရှင်များ ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်နိုင်ရေး ကိစ္စရပ်များကို  အကျယ်တဝင့် ဆွေးနွေးခဲ့ပါသည်။ ယင်းဆွေးနွေးပွဲသို့ ရုရှားနိုင်ငံ၊ စီးပွားရေး ဖွံဖြိုးတိုးတက်မှု ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် စီးပွားရေးကဏ္ဍ အသီးသီးမှ လုပ်ငန်းရှင်များ ပါဝင် တက်ရောက်ခဲ့ကြပြီး၊ ပြည်ထောင်စုဝန်ကြီးမှ တက်ရောက်သူများ၏ မေးမြန်း ချက်များကို ရှင်းလင်းဖြေကြားခဲ့ပါသည်။