၀န်ကြီးဌာနသတင်းများ









နေပြည်တော်၃၀ အောက်တိုဘာ

ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများသည် ယနေ့ နံနက်ပိုင်းတွင် နိုဝင်ဘာ ၈ ရက်၌ ကျင်းပမည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် နေပြည်တော် ဇမ္ဗူသီရိမဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်နေရာများအတွက် ကြိုတင်ဆန္ဒမဲများ ပေးကြသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနှင့် ဇနီး ဒေါ်စန္ဒာလွင်၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် ဇနီး ဒေါ်ခိုင်နွယ်ဦး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် ဇနီး ဒေါ်မြင့်မြင့်ရီ၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင် ဇနီး ဒေါ်စန်းစန်းယု၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်နှင့် ဇနီး ဒေါ်သွင်သွင်အေးမှီ၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးဗရတ်ဆင်း၊ ဦးအောင်လှထွန်း၊ ဦးလှကျော်၊ ဦးအောင်ထူး၊ ဦးလှမော်ဦး၊ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်နှင့် ၎င်းတို့၏ ဇနီးများသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် မြို့မဈေးဓမ္မာရုံ၌ ဖွင့်လှစ်ထားသည့် ဇမ္ဗူသီရိမြို့နယ် ဇေယျသိဒ္ဓိရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ လာရောက်ကြပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကြိုတင်ဆန္ဒမဲပေးရန် မှတ်တမ်းစာအုပ်၌ လက်မှတ်ရေးထိုး ကြသည်။

ထို့နောက် ဆန္ဒမဲလက်မှတ်များ၌ လျှို့ဝှက်စွာဆန္ဒမဲပေးကြပြီး ကြိုတင်ဆန္ဒမဲပုံးထဲသို့ ဆန္ဒမဲလက်မှတ်များ ထည့်သွင်းကြသည်။
ထို့ပြင် ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် အသက်(၆၀)နှစ်နှင့် အထက်ရှိသူများလည်း ယနေ့တွင် ဇမ္ဗူသီရိမြို့နယ် ဇေယျသိဒ္ဓိရပ်ကွက် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးသို့ လာရောက်ကြပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကြိုတင်ဆန္ဒမဲပေးရန် မှတ်တမ်းစာအုပ်၌ လက်မှတ်ရေးထိုးကြကာ ဆန္ဒမဲလက်မှတ်များ၌ လျှို့ဝှက်စွာ ဆန္ဒမဲပေးကြပြီး ကြိုတင်ဆန္ဒမဲ ပုံးထဲသို့ ဆန္ဒမဲလက်မှတ်များ ထည့်သွင်းကြသည်။

နေပြည်တော် မြို့မဈေးဓမ္မာရုံ၌ ဖွင့်လှစ်ထားသည့် ဇမ္ဗူသီရိမြို့နယ် ဇေယျသိဒ္ဓိရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတွင် ကြိုတင်ဆန္ဒမဲပေးရန် မဲရုံ ၃ ရုံရှိပြီး မဲရုံအမှတ်(၁)တွင် ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူ ၂၁၃၇ ဦး၊ မဲရုံအမှတ် (၂)တွင် ကြိုတင် ဆန္ဒမဲပေးခွင့်ရှိသူ ၂၂၂၅ ဦး၊ မဲရုံအမှတ်(၃)တွင် ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူ ၂၁၃၄ ဦးရှိကြောင်း သိရသည်။

ထို့အတူ ဒက္ခိဏခရိုင်အတွင်းရှိ ဇမ္ဗူသီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်၊ ပျဉ်းမနားမြို့နယ်နှင့် လယ်ဝေးမြို့နယ် တို့အတွင်းရှိ မဲရုံများ၌လည်း ယနေ့တွင် ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူများ လာရောက်ဆန္ဒမဲပေးကြကြောင်း။

လက်ရှိစာရင်းများအရ နေပြည်တော်ပြည်ထောင်စုနယ်မြေ ဇမ္ဗူသီရိမြို့နယ်တွင် မဲပေးခွင့်ရှိသူ ၈၉၈၁၆ ဦး၊ ဒက္ခိဏသီရိမြို့နယ်တွင် မဲပေးခွင့်ရှိသူ ၂၈၁၆၇ ဦး၊ ပျဉ်းမနားမြို့နယ်တွင် မဲပေးခွင့်ရှိသူ ၁၃၄၆၀၃ ဦး၊ လယ်ဝေးမြို့နယ်တွင် မဲပေးခွင့်ရှိသူ ၂၁၈၆၇၁ ဦးရှိကြောင်း သိရသည်။

Credit MOI, MNA