၀န်ကြီးဌာနသတင်းများ

နေပြည်တော်၊ ဩဂုတ် ၁၁

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ကျင်းပရန်လျာထားသည့် တတိယအကြိမ် ရုရှား-မြန်မာ အစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး ပူးတွဲကော်မရှင်အစည်းအဝေး နှင့် နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်များအချင်းချင်း တွေ့ဆုံဆွေးနွေးမှုအစီအစဉ်ကို စက်တင်ဘာလ အတွင်း ကျင်းပနိုင်ရေးတို့အတွက် နှစ်ဖက်ညှိနှိုင်းစီစဉ်ဆောင်ရွက်နေမှု  အခြေအနေများနှင့်စပ်လျဉ်း၍ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဉီးသန်းအောင်ကျော်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးမှ စီးပွားရေးကောင်စစ်ဝန်ဖြစ်သူ Mr. Andrei Iunak တို့က Video Conferencing ဖြင့် ဆွေးနွေးမှုကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။ 

ထိုသို့ဆွေးနွေးရာတွင် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီးက ၂၀၂၁ ခုနှစ်၊ ဇွန်လ စတုတ္ထရက်သတ္တပတ်အတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရ နိုင်ငံတော်ဝန်ကြီးချုပ်၏ ရုရှားဖက်ဒရေးရှင်း နိုင်ငံ ခရီးစဉ်အတွင်း ဆွေးနွေးညှိနှိုင်းခဲ့သည့် နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့် ရေးကိစ္စရပ်များအား ဆက်လက်ဆောင်ရွက်မည့်အခြေအနေများ၊ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ကျင်းပရန်လျာထားသည့် တတိယအကြိမ် ရုရှား-မြန်မာ အစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး ပူးတွဲကော်မရှင်အစည်းအဝေးနှင့် စက်တင်ဘာလအတွင်း ပြုလုပ် မည့် နှစ်ဖက်စီးပွားရေးလုပ်ငန်းရှင်များအချင်းချင်း တွေ့ဆုံဆွေးနွေးမှု အစီအစဉ် အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်မှုကိစ္စရပ်များကို ဆွေးနွေးခဲ့ပြီး  နှစ်နိုင်ငံအကြား ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည့် ဦးစားပေးနယ်ပယ်များအပါအဝင် အဆိုပါအစည်းအဝေးများသို့ အစိုးရ နှင့် ပုဂ္ဂလိကကဏ္ဍအစုံမှ တာဝန်ရှိသူများ တက်ရောက်နိုင်ရန် ဖိတ်ကြားဆောင်ရွက်သွားမည့် အခြေ အနေများအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးမှ စီးပွားရေးကောင်စစ်ဝန် Mr. Andrei Iunak က နှစ်နိုင်ငံအကြား တတိယအကြိမ် ကော်မရှင်အစည်းအဝေးနှင့် နှစ်ဖက် စီးပွားရေးလုပ်ငန်းရှင်များ အချင်းချင်း တွေ့ဆုံဆွေးနွေးမှုအစီအစဉ်အတွက် ရုရှားဖက်ဒရေးရှင်းနိုင်ငံဖက်မှ ပြင်ဆင်ဆောင်ရွက် နေမှုအခြေအနေများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန် အဓိက စိတ်ဝင်စားသည့် နယ်ပယ်များ၊ သက်ဆိုင်ရာ ရုရှားစီးပွားရေးလုပ်ငန်းရှင်များ ပါဝင်တက်ရောက်နိုင် ရေး ကြိုတင်ဆောင်ရွက်နေမှု အခြေအနေများအား ဆွေးနွေးပြောကြားခဲ့သည်။ 

ထို့သို့တွေ့ဆုံရာတွင် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ညွှန်ကြား ရေးမှူးချုပ်၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန တာဝန်ရှိသူများနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ အာရှဒေသဆိုင်ရာ ကုန်သည်နှင့် စက်မှုလုပ်ငန်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကော်မတီ၏ ဒုတိယ အကြီးအကဲ Professor Mr. Vadim Saltykoskiy တို့လည်း ပါဝင်တက်ရောက်ခဲ့သည်။