နေပြည်တော် မတ် ၂၀
COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီအောက်ရှိ Task Force အစည်းအဝေးကို ယနေ့ နေလယ်တွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၌ ကျင်းပခဲ့ပါသည်။
လုပ်ငန်းအဖွဲ့အစည်းအဝေးကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးက ဦးဆောင်ပြီး သက်ဆိုင်ရာဌာနများ၊ ပုဂ္ဂလိက လုပ်ငန်းကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတက်ရောက်လာသူများမှ COVID-19 ကြောင့် ထိခိုက်မှုရှိနေသော နိုင်ငံသားပိုင် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများသို့ ချေးငွေထုတ်ချေးမည့် အစီအစဉ်နှင့် ပတ်သက်၍ ချေးငွေလျှောက်လွှာလက်ခံခြင်း၊ လျှောက်လွှာများ စိစစ်ခြင်း၊ ချေးငွေထုတ် ပေးခြင်း၊ ချေးငွေလျှောက်ထားရာတွင် အကျုံးဝင်ကိုက်ညီရမည့် အချက်အလက်များကို ညှိနှိုင်း ဆွေးနွေးခဲ့ကြပါသည်။