၀န်ကြီးဌာနသတင်းများ

နေပြည်တော်

မြန်မာ-ဂျပန် အတူတကွ ပူးပေါင်းဆောင်ရွက်မှု ပမာဏခြေလှမ်း ဖြစ်ပေါ်တိုးတက်မှု (အဆင့်-၂)သတ္တမအကြိမ်အစည်းအဝေးကို မြန်မာဘက်မှ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းနှင့် ဂျပန်ဘက်မှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်သံအမတ်ကြီး Mr. Ichiro MARUYAMA တို့မှ ဦးဆောင်၍ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ ပါသည်။

အဆိုပါ အစည်းအဝေးသို့ သက်ဆိုင်ရာဌာနများမှ အဆင့်မြင့်အရာရှိကြီးများ၊ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ရန်ကုန်မြို့ရှိ ဂျပန်သံရုံး၊ ဂျပန်နိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း(မြန်မာ) (JCCM)၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) နှင့် ဂျပန်နိုင်ငံပြည်ပကုန်သွယ်မှုအဖွဲ့ (JETRO) တို့မှ တာဝန်ရှိပုဂ္ဂိုလ်များ နှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် ဂျပန်ဘက်မှ မြန်မာနိုင်ငံ၌ လာရောက်ရင်းနှီးမြှုပ်နှံသည့် ဂျပန်ကုမ္ပဏီ များ ပိုမိုရင်းနှီးမြှုပ်နှံလာစေရေးနှင့် ရင်းနှီးမြှုပ်နှံရာတွင် လွယ်ကူချောမွေ့စေရေးအတွက် မြန်မာ နိုင်ငံအစိုးရ၏ ဖြေလျော့ပေးမှုများနှင့် စီစဉ်ဆောင်ရွက်ပေးမှုများကို အသိအမှတ်ပြုပါကြောင်းနှင့် မြန်မာဘက်မှလည်း ဂျပန်နိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း(မြန်မာ) (JCCM)မှ တင်ပြလာသည့် ကိစ္စရပ်များအပေါ် ဆောင်ရွက်ထားရှိမှုနှင့် ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို ပြန်လည် ဆွေးနွေးခဲ့ကြပါသည်။