၀န်ကြီးဌာနသတင်းများ


(နေပြည်တော်၊  မေ ၁၀)

နိုင်ငံ့စီးပွားရေးကို ဦးမော့လာစေရေး အလေးထားကြိုးပမ်းဆောင်ရွက်ရာတွင် ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများကို ထိထိရောက်ရောက် တိုးမြှင့် ဆောင်ရွက်နိုင်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့်  နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနက ဦးဆောင်ရေးဆွဲချမှတ် အကောင်အထည်ဖော် လျက်ရှိသည့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးနှင့် လွယ်ကူလျင်မြန် ချောမွေ့စေရေးတို့အတွက် မူဝါဒနှင့် လုပ်ငန်းစဉ်များကို လက်တွေ့ အကောင်အထည်ဖော်ရာတွင် တွေ့ကြုံနေရသည့် အခက်အခဲများကို ညှိနှိုင်းပေါင်းစပ်ဖြေရှင်းပေးနိုင်ရေး၊ ဒေသတွင်းစီးပွားရေးပူးပေါင်း ဆောင်ရွက်မှုများနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများ၏ ချေးငွေအကူအညီနှင့် အထောက် အပံ့များအား ထိရောက်စွာ ညှိနှိုင်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်း အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၁)ကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှု နှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။

ပထမဦးစွာရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်နိုင်ဦးက -

-​မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မူဝါဒ၊ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို အခြေခံကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ် တို့နှင့် ကိုက်ညီအောင် မိမိဝန်ကြီးဌာန၏ မူဝါဒနှင့် လုပ်ငန်းစဉ်များကို ရေးဆွဲ ချမှတ်၍ အောက်ခြေအဆင့်ဆင့်က လိုက်ပါအကောင်အထည်ဖော်ကြရမည် ဖြစ်ကြောင်း၊ အထူးသဖြင့် ယခင်အစိုးရလက်ထက်က ခွင့်ပြုခဲ့ပြီး နိုင်ငံအတွက်လည်း အကျိုးရှိမည့် ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများ ကြန့်ကြာမှုမရှိစေဘဲ မြန်ဆန်စွာ ဆက်လက် အကောင်အထည်ဖော်ရေး ကိစ္စ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို မိမိတို့က ခွင့်ပြုလုပ်ဆောင်ရာတွင် လွယ်ကူလျင်မြန် ချောမွေ့မှု၊ ရှေ့နောက်ညီညွတ်မှု၊ ကြိုတင်မှန်းဆနိုင်မှု၊ ပွင့်လင်းမြင်သာမှုရှိရှိ လုပ်ဆောင် ကြဖို့လည်းလိုပါကြောင်း၊

-​ထို့ကြောင့် ဝန်ကြီးဌာနက ဦးဆောင်၍ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းကာ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းအဖွဲ့(OSS) ၏ စံချိန်စံညွှန်းမီ လုပ်ထုံးလုပ်နည်းများ(SOP)ကို ရေးဆွဲထုတ်ပြန်နိုင်ဖို့ ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အပြင် ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုမိန့်ရပြီးနောက်ပိုင်း၊ စီးပွားရေးနှင့် ဝန်ဆောင်မှု လုပ်ငန်းအမျိုးအစားအလိုက် သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများကနေ ရယူရသော လိုင်စင်၊ ပါမစ်၊ ထောက်ခံချက်များနှင့် ပတ်သက်၍လည်း ခေတ်စနစ်နှင့် မညီတာတွေ ပြင်ဆင်နိုင်ရေး၊ ပိုမို လွယ်ကူရှင်းလင်းအောင် ဆောင်ရွက်နိုင်ရေးနှင့် ဒစ်ဂျစ်တယ်စနစ်ဖြင့် လုပ်ဆောင်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ သက်ဆိုင်ရာဌာနများကလည်း လိုလားတက်ကြွစွာ ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ ယခင် အစိုးရလက်ထက်ကတည်းက အကြောင်းအမျိုးမျိုး ကြောင့် ကြန့်ကြာနေသည့် လုပ်ငန်းများကိုလည်း နိုင်ငံအတွက် အကျိုးရှိမည်ဆိုလျှင် ဆက်လက်လုပ်ဆောင်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများအကြား ညှိနှိုင်းဆောင်ရွက်ပေးရန် ကိစ္စရပ်များကိုလည်း မိမိဝန်ကြီးဌာနက ပူးပေါင်းကူညီ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊

-​၂၀၂၀ ပြည့်နှစ်မှစ၍ COVID-19 ကြောင့် တစ်ကမ္ဘာလုံးရင်းနှီးမြှုပ်နှံမှု ကျဆင်းနေ ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း အလားတူ စိန်ခေါ်မှုများရှိနေသော်လည်း နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို ရဲရဲတင်းတင်း၊ တက်ညီ လက်ညီ လုပ်ဆောင်ပါက စိန်ခေါ်မှုကနေ အခွင့်အလမ်းအဖြစ် ပြောင်းလဲရယူနိုင်ကြောင်း၊ ယခုအချိန်တွင် ရင်းနှီးမြှုပ်နှံသူများကို မိမိနိုင်ငံ၏ တည်ဆဲဥပဒေများ၊ နှစ်နိုင်ငံ သဘောတူ ချုပ်ဆိုထားသည့် ရင်းနှီးမြှုပ်နှံမှု အကာအကွယ်ပေးရေးစာချုပ်များ၊ ဒေသတွင်း သဘောတူ ညီ ချက်များနှင့်အညီ အကာအကွယ်ပေးရန်နှင့် လုပ်ငန်းများတိုးချဲ့ရင်းနှီးလုပ်ကိုင်လာ အောင် အားပေးကူညီရမှာဖြစ်ကြောင်း၊

-​အမျိုးသားစီးပွားရေးကို မြှင့်တင်ရာတွင် နိုင်ငံဘက်ဂျတ်ကို သုံးစွဲခြင်း၊ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို တိုးမြှင့်ဆောင်ရွက်ခြင်းတို့အပြင် လိုအပ်သည့် အခြေခံ အဆောက်အဦများဖြစ်သည့် လမ်း၊ တံတား၊ လျှပ်စစ်၊ ဆက်သွယ်ရေး၊ ရေရရှိရေးတို့အတွက် နိုင်ငံတကာချေးငွေ၊ အကူအညီအထောက်အပံ့များကိုလည်း ရယူရေးအတွက် မိမိတို့ဝန်ကြီး ဌာနက ညှိနှိုင်းဆောင်ရွက်ပေးရာတွင် မိမိတာဝန်ကို ထိထိရောက်ရောက်လုပ်ဆောင်နိုင်ဖို့ စနစ်တကျ အစီအစဉ်တွေ ရေးဆွဲဆောင်ရွက်ဖို့လိုကြောင်း၊ အာဆီယံနှင့် အာဆီယံဗဟိုပြု သည့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများကိုလည်း တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက် ကြဖို့ လိုအပ်ကြောင်း၊ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများမှ နိုင်ငံ့လူမှုရေး၊ စီးပွားရေးများကို ထိထိရောက်ရောက် အသုံးချနိုင်မည့်အခွင့်အလမ်းကို ရယူနိုင်အောင် ကြိုးပမ်းရမှာ ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော်က  ဝန်ကြီးဌာနနှင့် ဦးစီးဌာနများ မှ ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ အသေးစိတ်ရှင်းလင်းဆွေးနွေး ခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးမှူးရုံးတို့မှ ဗဟိုဝန်ထမ်းတက္ကသိုလ် တက်ရောက်ခဲ့စဉ် ထူးချွန်ဆုရရှိခဲ့သူများအား လည်းကောင်း၊ ဒုတိယဝန်ကြီးက One Stop Service (OSS) SOP ရေးဆွဲရေးအဖွဲ့အား လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝါဝါမောင်က ဝန်ထမ်းကောင်းစံပြရုံးဆု ရရှိသူများအားလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင် နှင့် တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများမှ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးလုပ်ငန်းများဆောင်ရွက်မှု၊ ဒေသ၏စီးပွားရေး ဝန်းကျင်ကောင်းမွန်အောင် ဆောင်ရွက်သွားမည့်အစီအမံများနှင့် ဝန်ကြီးဌာနနှင့် ရုံးချုပ်က ပံ့ပိုးရန် လိုအပ်ချက်များကိုလည်းကောင်း၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်က ဌာန၏ အုပ်ချုပ်မှုလုပ်ငန်းများ၊ အာဆီယံ အပါအဝင်ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများ၊ ‌ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်နေမှု အခြေအနေများနှင့် ဖွံ့ဖြိုးမှုအကူအညီရယူ ဆောင်ရွက်သည့် စီမံကိန်း များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် နိုင်ငံတကာအဖွဲ့အစည်းများအကြား ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများကို လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီးရုံး ၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝါဝါမောင်က ဝန်ကြီးဌာနနှင့် ဦးစီးဌာနများ၏ လုပ်ငန်းလည်ပတ်ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ဆက်လက် ဆောင်ရွက်မည့်အစီအစဉ်များနှင့်စပ်လျဉ်း၍လည်းကောင်း တင်ပြဆွေးနွေးရာ ပြည်ထောင်စု ဝန်ကြီးက လိုအပ်ချက်များနှင့် အခက်အခဲများကို ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ဝန်ကြီးဌာန လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ကြီးဌာနနှင့် ဦးစီးဌာနများမှ တာဝန်ရှိ ပုဂ္ဂိုလ်များ ပါဝင်တက်ရောက်ကြပါသည်။